ပွင့်ဖြူ    နိုဝင်ဘာ     ၁၇

(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့၊ အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။ 

အခမ်းအနားတွင် ကျောင်းသား ကျောင်းသူများက ပြည်မြန်မာ တေးသီချင်းဖြင့်သီဆို၍ အခမ်းအနား ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သည့် သဝဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင် က ရှင်းလင်းဖတ်ကြားခဲ့သည်။ 

ဆက်လက်၍ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ကျင်းပသည့် (အထက်တန်း၊ အလယ်တန်း) အဆင့် စာစီစာကုံးပြိုင်ပွဲတွင် (ပထမ၊ ဒုတိယ၊ တတိယ)ဆု ရရှိသူများကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကျောင်းသား ကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် သီဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။ 

အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဝန်ထမ်းများက အခမ်းအနား တက်ရောက်လာသူများကို (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်များကို လိုက်လံဖြန့်ဝေပေးခဲ့ကြပြီး အမျိုးသားအောင်ပွဲနေ့နှင့် ပတ်သက်သည့် အသိပညာပေး နံရံကပ်စာစောင်နှင့် ဓာတ်ပုံများကို ခင်းကျင်းပြသရာ တက်ရောက် လာသည့် ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများက ဝင်ရောက်လေ့လာ ဖတ်ရှုခဲ့ကြကြောင်း သိရသည်။

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)