နေပြည်တော်၊ နိုဝင်ဘာ ၁၇

 

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်နှင့် တာဝန်ရှိသူများသည် ယနေ့ မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာန၊ နီလာခန်းမ၌ စပိန်နိုင်ငံ၊ မက်ဒရစ်မြို့၌ ကမ္ဘာ့ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသော ကမ္ဘာလှည့် ခရီးသွားများအား ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ နိုင်ငံတကာစံနှုန်းများ (International Code for the Protection of Tourists) နှင့် စပ်လျဉ်းသည့် အာရှ - ပစိဖိတ် ဒေသတွင်းဆွေးနွေးပွဲသို့ အွန်လိုင်းမှ တက်ရောက်သည်။

 

အဆိုပါဆွေးနွေးပွဲကို ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်အနေဖြင့် အဖွဲ့ဝင်နိုင်ငံများကို ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်ရာတွင် အထောက်အပံ့ပေးနိုင်ရေး၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကဲ့သို့သော အရေးပေါ်အခြေအနေတွင် ခရီးသွားဧည့်သည်များ ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် နိုင်ငံတကာစံနှုန်း၊ ဥပဒေမူဘောင်များ ပြန်လည်ချမှတ်နိုင်ရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ဆွေးနွေးပွဲအစီအစဉ်ကို ကမ္ဘာလှည့်ခရီးသွားများ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ နိုင်ငံတကာစံနှုန်းများ၊ ယင်းစံနှုန်းများအပေါ် သုံးသပ်ဆွေးနွေးခြင်းနှင့် နိုင်ငံတကာစံနှုန်းများကို လိုက်နာကျင့်သုံးခြင်း အစရှိသည့် ခေါင်းစဉ်များဖြင့် ကမ္ဘာ့ခရီးသွား လုပ်ငန်းအဖွဲ့ချုပ် အာရှနှင့် ဉရောပဒေသဆိုင်ရာ ညွှန်ကြားရေးမှူးဖြစ်သူ မစ္စတာဟေလ် ဂွတ်ဝှမ်း၊ ဥပဒေရေးရာကောင်စီမှ မစ္စအယ်လ်စီယာ ဂိုမက်စ်၊ ကမ္ဘာလှည့်ခရီးသွားများ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ နိုင်ငံတကာစံနှုန်းများ ကော်မတီမှအဖွဲ့ဝင် ကျွမ်းကျင်ပညာရှင်များနှင့် အကြီးတန်း ဥပဒေရေးရာ ကျွမ်းကျင်ပညာရှင် မစ္စအမ်မလီစတီမာတို့က ဆွေးနွေးခဲ့ကြသည်။

 

mdn

 

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင် ပြည်တွင်း/ ပြည်ပ ခရီးသွားများကို ကောင်းမွန်သော ဝန်ဆောင်မှုများပေးအပ်ရန်နှင့် စိတ်ကျေနပ်မှု ရရှိစေရန်အတွက် လိုအပ်သော မူဝါဒများ၊ ဉပဒေများနှင့် မူဘောင်များ ချမှတ်ထားပါကြောင်း၊ ခရီးသွားဧည့်သည်များ စိတ်ချလုံခြုံစွာ ခရီးသွားနိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထားသော ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါအလွန်ကာလတွင် ခရီးသွားဧည့်သည်များ၏ ယုံကြည်စိတ်ချမှု ပြန်လည်ရရှိရန်နှင့် ခရီးသွားလုပ်ငန်း ပြန်လည်ဖွံ့ဖြိုး တိုးတက်ရန်အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်က ဦးဆောင်ရေးဆွဲ လျက်ရှိသော ကမ္ဘာလှည့်ခရီးသွားများအား ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ နိုင်ငံတကာစံနှုန်းများသည် ခရီးသွားဧည့်သည်များကို ပိုမို၍ အကာအကွယ်ပေးနိုင်မည်ဖြစ်သဖြင့် ခရီးသွားများ၏ ယုံကြည်မှုများကို ပိုမိုရရှိနိုင်မည် ဖြစ်ပါကြောင်း၊ အဆိုပါနိုင်ငံတကာစံနှုန်းများကို ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် အဖွဲ့ဝင်နိုင်ငံများက ပိုမိုလက်ခံကျင့်သုံးလာကြမည်ဟု ယုံကြည်ပါကြောင်း ဆွေးနွေးခဲ့သည်။

 

ယင်းနောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ကိုယ်စားလှယ်များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်