နေပြည်တော်၊ နိုဝင်ဘာ ၁၇
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာတွင် နိုဝင်ဘာ ၁၅ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ လေဆိပ်ကုန်လှောင်ရုံ၌ ကုန်သေတ္တာ တစ်လုံးအတွင်းမှ VPA ရက် (၆၀) ကျော်လွန်နေသော SILICON DIOXIDE (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၆၉၄,၁၉၄) ကိုလည်းကောင်း၊ အေးရှားဝေါလ်ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ တစ်လုံး အတွင်းမှ ပိုင်ရှင်က စွန့်လွှတ်ကြောင်း တင်ပြလာသော Laminated Safety Glass (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၉၀၀,၀၀၀) ကိုလည်းကောင်း၊ မြန်မာစက်မှုဆိပ်ကမ်း ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ နှစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာ(ID) တွင် ကြေညာထားခြင်းမရှိသော Iron Roller များ အပါအဝင် ကုန်စည် လေးမျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၈၈၀,၀၀၀)နှင့် သွင်းကုန်ကြေညာလွှာ(ID) တွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသော Paint Brush များအပါအဝင် ကုန်ပစ္စည်း လေးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀,၀၀၀,၀၀၀) ကိုလည်းကောင်း၊ မြဝတီ - ဘားအံ - ရန်ကုန်သွား ကားလမ်း ပဲခူးစက်မှုဇုန်ရှေ့၌ မော်တော်ယာဉ် တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသော Easy Chair များအပါအဝင် ကုန်စည်သုံးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇,၃၄၁,၆၀၀) နှင့် အဆိုပါကုန်စည်များ တင်ဆောင်လာသော CHENG LONG အမျိုးအစားမော်တော်ယာဉ် တစ်စီးနှင့် နောက်တွဲယာဉ် တစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀,၀၀၀,၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၉၀,၈၁၅,၇၉၄) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

အလားတူ ကချင်ပြည်နယ်၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့က သတင်းအရ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဗန်းမော်မြို့နယ်၊ မြလယ်ကျေးရွာအနီး ဧရာဝတီမြစ်အတွင်း တရားမဝင် ရွှေတူးဖော်နေသော စက်လှေ (၁၀) စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၈,၀၀၀,၀၀၀) ကို မြန်မာ့သတ္တုတွင်း ဥပဒေအရလည်းကောင်း၊ မိုးညှင်းမြို့နယ်၊ ရွှေဘို-မြစ်ကြီးနား ပြည်ထောင်စုကားလမ်းမကြီး၊ မြို့မပျိုးဥယျာဉ်အနီး၌ မော်တော်ယာဉ်တစ်စီးပေါ်မှ တရားမဝင် ကျွန်းခွဲသား၊ ကျွန်းတံခါးချပ်များ၊ ကျွန်းတံခါးချပ် အစိတ်အပိုင်းများ (၃ ဒသမ ၄၆၅၈) တန် (ခန့်မှန်းတန်ဖိုးငွေ ကျပ် ၂,၂၈၈,၄၂၈) နှင့် အဆိုပါသစ်တောထွက်ပစ္စည်းများ တင်ဆောင်လာသော မော်တော်ယာဉ်တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၁,၀၀၀,၀၀၀) ကို သစ်တောဥပဒေအရလည်းကောင်း၊ မြစ်ကြီးနားမြို့နယ်၊ အောင်မြကျေးရွာအနီးတွင် မော်တော်ယာဉ် (၃) စီးပေါ်မှ တရားမဝင်သစ်မျိုးစုံ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၂၈၉,၅၆၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသော မော်တော်ယာဉ် သုံးစီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅,၀၀၀,၀၀၀) ကို သစ်တောဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၇,၅၇၇,၉၈၈) ကို ဖမ်းဆီး အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ နိုဝင်ဘာ ၁၇ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အင်းတော်မြို့၊ အောင်ချမ်းသာရပ်ကွက်၊ ရွှေဘို-မြစ်ကြီးနား ကားလမ်းမပေါ်၌ လိုင်စင်မဲ့ CANDA 125 အမျိုးအစားမော်တော်ဆိုင်ကယ် နှစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင်၊ ညောင်လေးပင်ခရိုင်နှင့် ပြည်ခရိုင်များအတွင်း တရားမဝင်ကျွန်းသစ်နှင့် သစ်မာ (၈ ဒသမ ၁၆၀၀) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၃၃၄,၄၈၈) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တော ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ နိုဝင်ဘာ ၁၅ ရက်နှင့် ၁၇ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၃၀) ၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၂,၀၂၈,၂၇၀) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင် ကော်မတီမှ သိရသည်။
သတင်းစဉ်