မြိတ်   နိုဝင်ဘာ   ၁၈

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ တပ်ပြင်ရပ် စပါးရွှေဝါလမ်းရှိ သီတဂူ ဇီဝိတဒါန,စက္ခုဒါန ဆေးရုံထိန်းသိမ်းဆောင်ရွက်ရေး ရန်ပုံငွေအတွက် သီတဂူဆရာတော်မှ အလှူတော် ငွေကျပ်သိန်း(၅၀၀)ကို ယနေ့ နံနက်ပိုင်းက မြိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ရိပ်သာ အစည်းအဝေးခန်းမ၌ လှူဒါန်းသည်။        

 

အဆိုပါ ဆေးရုံထိန်းသိမ်း ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်ဩဝါဒါစရိယ ကမ္ဘာ့သာသနာပြု ရွှေကျင်နိကာယ သာသနာပိုင်၊ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူ ဆေးရုံများ၏ အဓိပတိ၊ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ မဟာဓမ္မကထိက ဗဟုဇန ဟိတဓရ ဒေါက်တာ အရှင်ဉာဏိဿရ ကိုယ်စား တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို က အလှူတော်ငွေ ကျပ်သိန်း(၅၀၀)လှူဒါန်းပေးအပ်ရာ ဆေးရုံတော် စီမံစောင့်ရှောက် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း က လက်ခံရယူသည်။

 

ထို့နောက် သီတဂူ ဆရာတော်  ဒေါက်တာ အရှင်ဉာဏိဿရ က မြိတ်မြို့ရှိ ဆရာတော်များနှင့် ဆေးရုံစီမံစောင့်ရှောက်ရေးအဖွဲ့အား ဆေးရုံအလုပ်အမှုဆောင်ကော်မတီကို စနစ်တကျဖွဲ့စည်းပြီး ဆောင်ရွက်ကြရန် မိန့်ကြားသည်။ မြိတ်မြို့ သီတဂူ ဇီဝိတဒါန, စက္ခုဒါနဆေးရုံကို  ယမန်နေ့က ဖွင့်လှစ်ခဲ့ပြီး ဆေးရုံအတွင်း ရဟန်း၊ ရှင်၊ လူပြည်သူများအား အထူးကုဆရာဝန်ကြီးများက မျက်စိရောဂါ ဝေဒနာများကို အခမဲ့စမ်းသပ်ခွဲစိတ် ဆောင်ရွက်ပေးလျက်ရှိသည်။

 

မြိတ်မြို့ သီတဂူ ဇီဝိတဒါန,စက္ခုဒါန ဆေးရုံကို သီတဂူဆရာတော် ဦးဆောင်မှုဖြင့် (၇)ရက် သားသမီး အလှူရှင်များ စုပေါင်းလှူဒါန်းငွေ ကျပ်သိန်း(၄၅၀၀)ကျော်နှင့် ဆေးရုံအတွင်း တပ်ဆင် အသုံးပြုရန် သီတဂူဆရာတော်ကြီး လှူဒါန်းသည့် စက်ပစ္စည်းတန်ဖိုး အမေရိကန်ဒေါ်လာ (၁)သိန်းခွဲတို့ဖြင့် တပ်ဆင်တည်ဆောက်ထားခြင်းဖြစ်ပြီး ဆေးရုံထိန်းသိမ်းဆောင်ရွက်ရန် ရန်ပုံငွေ အတွက် သီတဂူဆရာတော်က အလှူတော်ငွေ ထပ်မံလှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)