နေပြည်တော်၊ နိုဝင်ဘာ ၁၈

 

မြစ်ကြီးနားမြို့၊ မြဝတီမြို့၊ မှော်ဘီမြို့နယ်နှင့် မိုးမိတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၁၇ ရက် နံနက် ၉ နာရီခွဲတွင် မြစ်ကြီးနားမြို့၊ ယုဇနရပ်ကွက်၊ စည်ပင်သာယာလမ်းတွင် ဇော်အောင်(ခ) အောင်အောင် မောင်းနှင်လာသည့် ဆိုင်ကယ်နှင့် မလဖိုင်ဂျာအောင် မောင်းနှင်လာသည့် X-TRAIL အမျိုးအစားမော်တော်ယာဉ်တို့အား ရပ်တန့်စစ် ဆေးရှာဖွေရာ ဘိန်းဖြူ ၂ ဒသမ ၂ ကီလိုကိုလည်းကောင်း၊ ယင်းနေ့ ညနေ ၄ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မြဝတီမြို့၊ အမှတ်(၂)ရပ်ကွက်၊ ဇမ္ဗူရာဇ်ရွှေလမ်းရှိ သက်နိုင်ဦး(ခ)ဘယ်ကျော်၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ ရန်လင်းလင်း(ခ)ရန်ကုန်၊ မမိချို တို့အား တွေ့ရှိရပြီး စိတ်ကြွရူး သွပ်ဆေးပြား ၂,၀၀၀ ကိုလည်းကောင်း။

 

အလားတူ ယင်းနေ့ မွန်းလွဲ ၁ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မှော်ဘီမြို့နယ်၊ ဆတ်သွားတောကျေးရွာ အနီးတွင် လှဌေး အား မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅,၈၀၀ ကိုလည်းကောင်း၊ ယင်းနေ့ နံနက် ၁၁ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုးမိတ်မြို့နယ်၊ ရွှေဇာလီ ကျေးရွာအုပ်စု၊ ညောင်ကုန်းကျေးရွာအနီး၊ မိုးမိတ်-မန်တုံသွားကားလမ်းတွင် နောနော်(ခ) အားတီ မောင်းနှင်လာသည့် ဆိုင်ကယ်အား ရပ်တန့် စစ်ဆေးရှာဖွေရာ  စိတ်ကြွရူးသွပ်ဆေးပြား ၅၉,၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(သတင်းစဉ်)