နေပြည်တော်၊ နိုဝင်ဘာ ၁၈
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ (၄)နှစ်မြောက် နှစ်ပတ်လည် ဂုဏ်ပြုဆု ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က မိမိတို့ဝန်ကြီးဌာနသည် ဖွဲ့စည်းမှုအရ ဌာနအသစ်ဖြစ်သော်လည်း လုပ်ငန်းအတွေ့အကြုံနှင့် ဆောင်ရွက်နိုင်မှုအပြင် တာဝန်ယူမှုနှင့် တာဝန်ခံမှုရှိသော နှစ် (၃၀) သက်တမ်းရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္မဏီများညွှန်ကြားမှုဦးစီးဌာနနှင့် နှစ်(၅၀) သက်တမ်းရှိ နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဦးစီးဌာနတို့ဖြင့် ပြန်လည်ဖွဲ့စည်းထားခြင်း ဖြစ်သည့်အတွက် ဝန်ကြီးဌာန၏ အတိတ်၊ ပစ္စုပ္ပါန်၊ အနာဂတ်ကို ဝန်ထမ်းများအနေဖြင့် သိရှိသဘောပေါက်ရန် လိုအပ်ကြောင်း၊ ယခုနှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပရခြင်းမှာ ဝန်ထမ်းများနှင့် မျိုးဆက်သစ် ဝန်ထမ်းများအား ဝန်ကြီးဌာန၏ သမိုင်းကြောင်း (History) ကို သိရှိနိုင်စေရန်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်အပြင် ဦးတည်ချက်(၉)ရပ်အနက်မှ မိမိတို့ဝန်ကြီးဌာန နှင့်သက်ဆိုင်သည့် စီးပွားရေးဦးတည်ချက်များ အောင်မြင်နိုင်ရန် ဝိုင်းဝန်း၍ တာဝန်ယူ၊ တာဝန်ခံကာ ဆောင်ရွက်သွားကြရန်လိုကြောင်း၊ MIFER ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်နှင့်အစိုးရအပေါ် ကျေးဇူးသစ္စာစောင့်သိရန်၊ ဝန်ကြီးဌာန၏ ဦးတည်ချက်အတိုင်း ဌာနများ၏ တာဝန်ဝတ္တရားများကို ကျေပွန်စွာဆောင်ရွက်ရာတွင် အသိ၊ သတိ၊ ပညာဖြင့် ထိန်းသိမ်း ဆောင်ရွက်သွားကြရန် ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က နိုင်ငံ့တာဝန်များကို ထူးချွန် အောင်မြင်စွာ ထမ်းဆောင်ခဲ့သည့် ထူးချွန်စံပြဝန်ထမ်းများ (အရာထမ်းနှင့်အမှုထမ်း)၊ ထူးချွန် အောင်မြင်သည့် စံပြဌာနခွဲများ၊ နိုင်ငံဝန်ထမ်းတက္ကသိုလ်များ၌ ဖွင့်လှစ်ခဲ့သည့် သင်တန်းများတွင် ထူးချွန်ဆုရရှိသူ စုစုပေါင်း(၃၅) ဦးတို့ကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး ဝန်ထမ်းထောက်ပံ့ငွေများကိုလည်း ပေးအပ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ညပိုင်းတွင်ကျင်းပသည့် ဝန်ကြီးဌာန၏ နှစ်ပတ်လည် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့ တက်ရောက်၍ ဝန်ထမ်းများနှင့်အတူ ရင်းရင်းနှီးနှီး ညစာ သုံးဆောင်ပြီး ဝန်ထမ်းများ၏ ဖျော်ဖြေရေးအစီအစဉ်များကို ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)