နေပြည်တော် နိုဝင်ဘာ ၁၈
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ (၁/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက မွန်ပြည်နယ်အစိုးရ အဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် မွန်ပြည်နယ်အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ နာယက၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း က စိုက်ပျိုးရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများအပြင် တစ်ပိုင်တစ်နိုင် စီးပွားရေး လုပ်ငန်းများကို အားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အလားအလာကောင်းသည့် ဒေသ ထွက်ကုန်ကြမ်းများ၊ လယ်ယာ၊ သား၊ ငါး၊ ထုတ်ကုန်များကို နည်းပညာ စက်ပစ္စည်း အကူ အညီဖြင့် ကုန်ကြမ်း အဆင့်မှ တန်ဖိုးမြှင့်ထုတ်ကုန်များ ဖြစ်ပေါ်လာစေရေးနှင့် ပြည်နယ်၏ GDP ကို မြှင့်တင်နိုင်ရေး အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်စီးပွားရေးရာဝန်ကြီး နိုင်လယိတမ က မွန်ပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆောင်ရွက် ထားရှိမှု အခြေအနေကိုလည်းကောင်း၊ တက်ရောက်လာသူများက စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်ငန်းများ၊ စက်မှုလက်မှုလုပ်ငန်းများ၊ ဒေသထွက်စားသောက်ကုန်နှင့် အခြား ကုန်ထုတ်လုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်းတင်ပြချက်များအပေါ် ပြည်နယ် ဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ် သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်ပြည်နယ်အတွင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ စီမံကိန်းဆိုင်ရာ အချက်အလက်များ ရှင်းလင်းတင်ပြခြင်း အခမ်းအနားသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ဒေသတွင်း စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် အခြေခံဖြစ်သည့် လျှပ်စစ်ဓါတ်အား ပြည့်ဝစွာရရှိနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ MSME လုပ်ငန်းများတွင် လိုအပ်သည့် လျှပ်စစ်ဓာတ်အား အလုံအလောက်ရရှိနိုင်ရန် ပြည်နယ်အတွင်း ၃၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိသလို သဘာဝအရင်း အမြစ်ကို အခြေခံသည့် လျှပ်စစ်ဓါတ်အားထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ပြော ကြားသည်။
ထို့နောက် စီမံကိန်းညွှန်ကြားရေးမှူး ဦးမျိုးမင်းထွန်း က ၂၃၀ ကေဗွီအေ မော်လမြိုင်- ရေး- ထားဝယ် ဓါတ်အားလိုင်းနှင့် ဓါတ်အားခွဲရုံဆိုင်ရာ စီမံကိန်း အချက် အလက်များနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြချက်များအပေါ် တက်ရောက်လာသူများမှ အကြံပြု ဖြည့်စွက်ဆွေးနွေးခဲ့ကြကာ ပြည်နယ် ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
(သတင်းစဉ်)