မော်လမြိုင် နိုဝင်ဘာ ၁၉
မွန်ပြည်နယ်တွင် အများပြည်သူများ အသက်အရွယ်မရွေး ကိုယ်လက်လှုပ်ရှား အားကစား ဆောင်ရွက်နိုင်စေရေးနှင့် အားကစားကို လေ့လာလိုက်စားကြစေရေး ရည်ရွယ်၍ မွန်ပြည်နယ် ဝန်ကြီးချုပ်ဖလား အသက်(၂၁)အောက် ကလပ်ပေါင်းစုံဖိတ်ခေါ် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို နိုဝင်ဘာ ၁၈ ရက် ညနေပိုင်းက မော်လမြိုင်မြို့၊ ကျောင်းသားအားကစားခန်းမ၌ ပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ကြသည်။
ဗိုလ်လုပွဲတွင် ဒိုးကလေးကလပ်အသင်းနှင့် မြို့မ FC ကလပ်အသင်းတို့ ယှဉ်ပြိုင်ကစားမှုကို ပြည်နယ်၀န်ကြီးချုပ်နှင့် ၀န်ကြီးများက ကြည့်ရှုအားပေးကြပြီး ပွဲစဉ်အလိုက် ပထမ၊ ဒုတိယ၊ တတိယ အကောင်းဆုံး ကစားသမားဆုများ ရရှိကြသည့် ကလပ်အသင်းများအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများက ဆုတံဆိပ်နှင့် ငွေသားဆုများ၊ တံခွန်စိုက်ဒိုင်းဆုတို့ကို ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)