ကျိုင်းတုံ နိုဝင်ဘာ ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ မိုင်းကာတောင်ကုန်းဆင်း၊ ကျိုင်းတုံ-တောင်ကြီး ကားလမ်း မိုင်တိုင်အမှတ်(၅၈၂)အနီးတွင် နိုဝင်ဘာ ၁၉ ရက် နံနက်ပိုင်းက ခရီးသည်ယာဉ်တစ်စီး ချောက်ထဲထိုးကျခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ကျိုင်းတုံဘက်မှ တောင်ကြီးဘက်သို့ ယာဉ်မောင်း ထက်လင်းကျော် (၃၈)နှစ် တာချီလိတ်မြို့နေသူ မောင်းနှင်သည့် 2l/----- HIACE လွိုင်နမ့်ခုံး ခရီးသည်တင်ယာဉ်သည် ကျိုင်းတုံမြို့ အနောက်မြောက်ဘက် ၁၇ မိုင်ခန့်အကွာတွင် ပေ ၃၀၀ ခန့် အနက်ရှိ ချောက်ထဲ ထိုးကျခဲ့ရာ ယာဉ်ပေါ်ပါသူ ခြောက်ဦးအနက် ယာဉ်မောင်းနှင့် ခရီးသည်တစ်ဦး သေဆုံးပြီး ခရီးသည် လေးဦးတွင် (မစိုးရိမ်ရ) ဒဏ်ရာများ ရရှိခဲ့သည်။ အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ကျိုင်းတုံမြို့မရဲစခန်းက အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)