ပဲခူး နိုဝင်ဘာ ၁၉
ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ နိုဝင်ဘာ(၁၈)ရက် နံနက်ပိုင်းက ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ဆီးချို၊ သွေးချိူရောဂါကာကွယ် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးနှင့် ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုကောင်းသည်ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ဆီးချိုမဖြစ်စေရန် လူတစ်ဦးချင်း၊ တစ်ယောက်ချင်း ကိုယ်တိုင် မိမိတို့၏အပြုအမူ၊ အနေအထိုင်များကို ကျန်းမာရေးနှင့် ညီညွတ်သည့်ပုံစံများ ဖြစ်အောင် ပြောင်းလဲနေထိုင်ရန်လိုကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့်လည်း ပြည်သူလူထု အတွက် ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအသောက်နှင့် ပတ်ဝန်းကျင်များ ဖန်တီးပေးခြင်း၊ ကိုယ်လက်လှုပ်ရှားမှုကို အားပေးခြင်း၊ ကျန်းမာရေး အသိပညာများကို ပြည်သူလူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် ပြန့်ပွားစေအောင် လုပ်ဆောင်ခြင်းတို့ကို အထူးအလေးပေးဆောင်ရွက် လျက်ရှိကြောင်း၊ ကမ္ဘာ့ဆီးချို၊ သွေးချိုကာကွယ်ထိန်းသိမ်းရေးနေ့တွင် ဆီးချိုရောဂါပညာပေး လုပ်ငန်းများကို ယခင်ထက်ပိုပြီး အဆင့်မြှင့်တင်ကာ အရည်အသွေးပြည့်ဝသည့် အစီအစဉ်များဖြင့် ပြည်သူလူထုကို အသိပညာဖြန့်ဝေပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် မကူးစက်နိုင်သောရောဂါများ ကာကွယ်နိုင်ရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသည့် ပထမဆုရရှိသော ဝေါမြို့နယ်၊ ဒုတိယဆုရရှိသော ပေါက်ခေါင်းမြို့နယ်နှင့် တတိယဆုရရှိသော ပြည်မြို့နယ်တို့ကို တိုင်းဒေသကြီး ဝန်ကြီးချုပ်က လည်းကောင်း၊ နှစ်သိမ့်ဆု ရရှိသော လက်ပံတန်းမြို့နယ်နှင့် ရွှေကျင်မြို့နယ်တို့ကို သယံဇာတရေးရာဝန်ကြီး ဦးတင်သိန်းက လည်းကောင်း ဆုများပေးအပ်ချီးမြှင့်ပြီး ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူး ဒေါက်တာသီဟမှ ဆီးချိုသွေးချိုရောဂါ ကာကွယ်ကုသရေးနှင့်ပတ်သက်၍ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ကမ္ဘာ့ဆီးချို၊ သွေးချိူရောဂါ ကာကွယ်ထိန်းသိမ်းရေးနေ့ အထိမ်း အမှတ်ပြသ ထားသော ပြခန်းအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများက လှည့်လည်ကြည့်ရှု့ကြပြီး အခမ်းအနားတက်ရောက် လာကြသူများအား ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဝန်ထမ်းများမှ ဆီးချိုသွေးချိုရောဂါ စမ်းသပ်စစ်ဆေးပေးကြကြောင်း သတင်းရရှိ သည်။
(သတင်းစဉ်)