နေပြည်တော်၊ နိုဝင်ဘာ ၁၉
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ပို့ဆောင်ရေးဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Vitaly Saveliev ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့၌ နိုဝင်ဘာ(၁၅)ရက်မှ (၁၈) ရက်အထိ ကျင်းပခဲ့သော (၁၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာဖိုရမ်နှင့် Transport Week 2022 ပြပွဲသို့ တက်ရောက်ခဲ့သည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆို နှုတ်ဆက်ကြသည်။
ပြည်ထောင်စုဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့သည် မော်စကိုမြို့သို့ ရောက်ရှိစဉ်အတွင်း နိုဝင်ဘာ (၁၆)ရက်တွင် မီးရထားစက်ခေါင်း၊ တွဲများနှင့် ဆက်စပ်ပစ္စည်းများ ထုတ်လုပ်မှု အရည်အသွေး စစ်ဆေးခြင်းဆိုင်ရာ ဆွေးနွေးပွဲ၊ မောင်းသူမဲ့လေယာဉ်များကို မြို့တွင်းသယ်ယူပို့ဆောင်ရေးတွင် အသုံးပြုခြင်းဆိုင်ရာ ဆွေးနွေးပွဲများကို တက်ရောက်ခဲ့ပြီး၊ ရန်ကုန်-ဗလာဒီဗော့စတော့၊ ရန်ကုန်- နိုဗိုစီဗစ်၊ ရန်ကုန်- ကရာနိုရက်စ် နှစ်ဖက်လေကြောင်းခရီးစဉ်များ ပျံသန်းနိုင်ရေး မြန်မာနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မြို့ပြလေကြောင်းအာဏာပိုင်များအကြား သဘောတူညီချက် လက်မှတ်ရေးထိုး ခြင်းအခမ်းအနားများကို တက်ရောက်ခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Mr. Igor Petrovich Chalik နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။ နိုဝင်ဘာ(၁၇)ရက်တွင် ကျင်းပသည့် အပြည်ပြည် ဆိုင်ရာ ပို့ဆောင်ရေးပူးပေါင်းဆောင်ရွက်မှု စုံညီဆွေးနွေးပွဲ (International Transport Cooperation in 2022) သို့ တက်ရောက်ခဲ့ပြီး Transport Week ကာလအတွင်း ခင်းကျင်းပြသထားသော ပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့သည်။
နှစ်နိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာနများအကြား တွေ့ဆုံမှုအစီအစဉ်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံဖက်က ရထားပို့ဆောင်ရေးဆိုင်ရာ တည်ဆောက်၊ ပြုပြင်၊ ထိန်းသိမ်းရေးလုပ်ငန်းများနှင့် ထောက်ပံ့ ပို့ဆောင်ရေးဆိုင်ရာ ကဏ္ဍများတွင် အတွေ့အကြုံရင့်ကျက်သည့် ကျွမ်းကျင်ပညာရှင်များ နှင့်ပုဂ္ဂလိကလုပ်ငန်းကုမ္ပဏီများစွာရှိသဖြင့် မြန်မာနိုင်ငံ၏ သယ်ယူပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးအတွက် လိုအပ်သည့် အကူအညီများပေးနိုင်ကြောင်း၊ မြန်မာနိုင်ငံဘက်က ရန်ကုန်မြို့နှင့် ရုရှား ဖက်ဒရေး ရှင်းနိုင်ငံရှိ မြို့ကြီး(၃)မြို့တို့အကြား လေယာဉ်ခရီးစဉ်များပြေးဆွဲရေးကို အထောက် အကူပြုနိုင်ရန်အတွက် နှစ်နိုင်ငံ မြို့ပြလေကြောင်းအာဏာပိုင်များအကြား သဘောတူညီ ချက်ကို ယနေ့ လက်မှတ်ရေးထိုးနိုင်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ၏ လေကြောင်းလိုင်းတစ်ခုဖြစ်သည့် Myanmar Airways International (MAI) ကလည်း နှစ်နိုင်ငံ အကြားခရီးစဉ်များကို ၂၀၂၃ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် စတင်ပြေးဆွဲရန်အဆိုပြုလွှာ တင်ပြထားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျက်ရှိ ကြောင်း၊ မြန်မာနိုင်ငံ၏ ရထားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်နိုင်ငံ ပူးပေါင်းရေးကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
အပြည်ပြည်ဆိုင်ရာ ပို့ဆောင်ရေးပူးပေါင်းဆောင်ရွက်မှု စုံညီဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံသည် ပထဝီအနေအထားအရ ဒေသတွင်း အချက်အခြာကျသည့် နေရာတွင် တည်ရှိပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ခွင့်ပြုပေးနိုင်သည့်လုပ်ငန်း/ နယ်ပယ်အများအပြား ရှိကြောင်း၊ အပြည်ပြည်ဆိုင်ရာ ရထားလမ်း ကွန်ရက်အောက်တွင် တရုတ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံ များနှင့် မီးရထားလမ်းပိုင်းများ ချိတ်ဆက်ရေးကို ဆောင်ရွက်လျက်ရှိကြောင်း၊ ကားလမ်းကွန်ရက် ဆက်သွယ်မှုအတွက် အာရှလမ်းမကြီး၊ အာဆီယံလမ်းမကြီး၊ အိန္ဒိယ-မြန်မာ-ထိုင်းသုံးနိုင်ငံ လမ်းမ ကြီးတို့ကို ဖော်ဆောင်လျက်ရှိကြောင်း၊ တစ်ဆက်တည်းတွင် အာဆီယံ၊ ဘင်းမ်စတက်နှင့် ဂျီအမ်အက်စ် အဖွဲ့ဝင်နိုင်ငံများနှင့် ကုန်စည်နှင့်ခရီးသည်များ နယ်စပ်ဖြတ်ကျော် ပို့ဆောင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း သတ်မှတ်ချက်များအား နှစ်နိုင်ငံအကြား လွယ်ကူချောမွေ့စေရေးနှင့် တစ်ပြေးညီ ဖြစ်စေရေး၊ ဘက်စုံပို့ဆောင်မှုမြှင့်တင် အကောင်အထည်ဖော်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ အာဆီယံနှင့် ရုရှားဆက်သွယ်နိုင်ရေးအတွက် မြောက်-တောင် အပြည်ပြည်ဆိုင်ရာ ပို့ဆောင်ရေး စင်္ကြန် (North-South Transport Cooridor) ဖော်ဆောင်ရန် လိုအပ်ပါကြောင်း၊ စွမ်းရည်ရှိသော ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်က ဒေသတွင်းနိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးမှုနှင့် ရင်းနှီးကျွမ်းဝင် သော ဆက်ဆံမှုကို ပေးစွမ်းနိုင်ကြောင်း ဆွေးနွေးခဲ့သည်။
နိုဝင်ဘာ (၁၅)ရက်မှ (၁၈)ရက်အထိ ကျင်းပသည့် Transport Week သို့ နိုင်ငံပေါင်း (၃၆)နိုင်ငံမှ ကိုယ်စားလှယ် (၁၆၀)ဦးခန့်နှင့် ရုရှားနိုင်ငံမှတာဝန်ရှိသူများ ကျွမ်းကျင် ပညာရှင် များ၊ လုပ်ငန်း/အဖွဲ့အစည်းများနှင့် လေ့လာသူများ စုစုပေါင်း (၁၄၀၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး၊ ရုရှား-မြန်မာ နှစ်နိုင်ငံအကြား လေကြောင်းဆက်သွယ် မှုအပါအဝင် ကုန်းလမ်း၊ ရေကြောင်း၊ လေကြောင်း ကဏ္ဍများ ပူးပေါင်းဆောင်ရွက်ရေးကို တိုးမြှင့်ဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိသည်။
(သတင်းစဉ်)