နေပြည်တော် နိုဝင်ဘာ ၁၉
စိုက်ပျိုးမွေးမြူရေးစနစ်မှာ အခြေခံအရင်းအမြစ်ဖြစ်သည့် ရေ၊ မြေ၊ လုပ်အား လယ်ယာသုံး စက်ကရိယာ များကို အကောင်းဆုံးအကျိုးရှိစွာ အသုံးပြီး လက်ရှိကုန်ကျစရိတ် ထုတ်လုပ်မှု စနစ်ထက်သက်သာစေ မည့်နည်းစနစ်များကို လိုက်နာကျင့်သုံးကြစေလိုကြောင်း၊ ပြည်သူများ၏ စားသောက်မှုစနစ်ပြောင်းလဲ လာမှုကြောင့် အသားစားသုံးမှု တိုးတက်လာမှုနှင့်အတူ အသားငါး လိုအပ်ချက်ဖြည့်ဆည်းပေးနိုင်ရန် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးလာရေးကို ဘက်စုံမှအားပေးလျက်ရှိကြောင်း ယနေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ညောင်လွန့်ကျေးရွာတွင် ကျင်းပသည့် အောင်မြင်ဖြစ်ထွန်းနေသော မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း၊ မိုးစပါးကောက်စိုက်စက် စိုက်ခင်းနှင့် ပေါင်းစည်းလယ်ယာ (Integrated Farming) ဆောင်ရွက်ထားရှိမှု ကွင်းသရုပ်ပြပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ဆွေးနွေးပြောကြား သည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာ ၃ အချိုး ၁ ရောစပ်အသုံးပြုခြင်း လက်တွေ့သရုပ်ပြခြင်းကိုလည်းကောင်း၊ သဘာဝ မြေဆွေးပြုလုပ်ရန် ဗေဒါပင်စိုက်ပျိုးခြင်းနှင့် ငါးခူမွေးမြူထားရှိမှုကို လည်းကောင်း၊ နို့စားနွားနှင့် ဒေသနွား၊ ဆိတ်များမွေးမြူထားရှိမှုကိုလည်းကောင်း၊ မိုးစပါး(RS-CS)မျိုးစေ့ထုတ် စိုက်ခင်းကို လည်းကောင်း ကြည့်ရှုအားပေးကြသည်။
ထို့နောက် တပ်ကုန်းမြို့နယ်၊ ကံကြီးမွေးမြူရေးဇုံသို့ ရောက်ရှိပြီး မွေးမြူရေးတောင်သူများနှင့် တွေ့ဆုံ၍ ဦးကြင်ဥ ၏ အသားစားကြက်မွေးမြူရေးခြံကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)