လားရှိုး   နိုဝင်ဘာ  ၁၉

  

ရှမ်းပြည်နယ် (မြောက်ပိုင်း) ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ၊ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး (ဒုတိယအကြိမ်)အလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာ (၁၉)ရက် ညနေ(၃)နာရီက လားရှိုးမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း မောချယ်ရီခန်းမ၌ ကျင်းပသည်။

 

အလုပ်ရုံ ဆွေးနွေးပွဲတွင် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ၂၀၂၃ ခုနှစ်တွင် ကျင်းပမည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ (Grade-11 စနစ်ဟောင်း)ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများကို အထက်တန်းပြ ဆရာ၊ ဆရာမများမှ သက်ဆိုင်ရာ ဘာသာရပ်များ ပေါက်မြောက်အောင်မြင်အောင် သင်ကြားနိုင်ရေး၊ တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ ကျောင်းသူများမှ တက္ကသိုလ်ဝင်စာမေးပွဲကို အခက်အခဲမရှိ ဖြေဆိုနိုင်ရေး၊ ထူးချွန်စွာအောင်မြင်ရေးနှင့် တက္ကသိုလ်ဝင် အောင်ချက်ရာခိုင်နှုန်း မြင့်မားစေရေးအတွက် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၂ခုနှစ် သြဂုတ်လ(၂၇) (၂၈)ရက်နေ့က ပထမအကြိမ် ကျင်းပပြုလုပ်ပြီးဖြစ်ပါကြောင်း ယခုဒုတိယအကြိမ်ကို ၂၀၂၂ခုနှစ် နိုဝင်ဘာ(၂၀) (၂၁)နှစ်ရက် ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားလိုကြောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)သည် တက္ကသိုလ်ဝင် အောင်ချက် (၄၃.၄၅%)ရရှိခဲ့ပြီး နိုင်ငံတော်အဆင့်တွင် အဆင့်(၁၃)အနေဖြင့် ရရှိခဲ့ရာကနေ ဒီတစ်နှစ်မှာလဲ အောင်ချက်များပိုမိုမြင့်မားပြီး ဂုဏ်ထူးအများကြီး ထွက်နိုင်ကြစေရန် တိုက်တွန်းပြောကြားသည်။

 

ဆက်လက်၍ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး (ဒုတိယအကြိမ်) အလုပ်ရုံဆွေးနွေးပွဲအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှထောက်ပံ့ငွေ ကျပ်(၈၀)သိန်းကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ပေးအပ်ရာ ရှမ်းမြောက်ပြည်နယ်ပညာရေးမှူး(ရုံးခွဲ) ပြည်နယ်ပညာရေးမှူး ဆရာကြီး ဦးမောင်ဌေးမှ လက်ခံရယူပြီး ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်က နည်းပြများအတွက် ထောက်ပံ့ငွေ ကျပ်သိန်း(၂၀)ပေးအပ်ရာ လားရှိုးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဌေးအောင်က လက်ခံရယူ သည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က သင်တန်းတက်ရောက် မည့် ဆရာ၊ဆရာမများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ကြကြောင်းသိရသည်။

 

အဆိုပါ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး (ဒုတိယအကြိမ်) အလုပ်ရုံဆွေးနွေးပွဲသို့ ဆရာ၊ ဆရာမ(၈၂၈)ဦး တက်ရောက်ကာ သင်တန်းကို(၂)ရက်နှင့် ကျောင်း(၈)ကျောင်း၊ ခန်းမ(၉)ခု၊ ဘာသာရပ်(၉) ဘာသာရပ်တို့ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)