နေပြည်တော် နိုဝင်ဘာ ၁၉
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ယနေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာဇံမြို့နယ်၊ မြနန်းစံကျော်ရွှေနန်းတော်သို့ ရောက်ရှိကာ အရှေ့ပိုင်းမင်းခန်းတော်ဆောင်များ၊ မိဖုရားဆောင်များ၊ အနောက်ပိုင်း မင်းခန်းတော်ဆောင်များ၊ နန်းတွင်း ကျောက်စာရုံ (၁)(၂)၊ အမြောက်ပြတိုက်၊ နန်းမြင့်မျှော်စင်နှင့် မင်းတုန်းမင်းနှင့် မိဖုရားခေါင်ကြီးတို့၏ ဂူဗိမာန်တော်များကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက မြနန်းစံကျော်ရွှေနန်းတော်သည် ကုန်းဘောင်ခေတ်၏ နောက်ဆုံး နန်းတော်ကြီးဖြစ်ကြောင်း၊ မြန်မာတို့၏ ယဉ်ကျေးမှုအဆင့်အတန်းကို သက်သေဖော်ညွှန်းရာ မြန်မာတို့၏ အမွေအနှစ်အစစ်အမှန်ဖြစ်သော၊ သမိုင်းတန်ဖိုး၊ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် တန်ဖိုး၊ ဗိသုကာနှင့် အနုလက်ရာတန်ဖိုးများပြည့်ဝသော နန်းတော်ကြီးဖြစ်ပါကြောင်း၊ သို့ဖြစ်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ဝန်ထမ်းများသာမက မြန်မာနိုင်ငံသားအားလုံး မြတ်နိုးတန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက်ကြရန် လိုကြောင်း တာဝန်ရှိသူများကို မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာ ဦးစီးဌာနက အမျိုးသားဇာတ်ရုံ (မန္တလေး)၌ အများပြည်သူတို့ကို တင်ဆက်ကပြမည့် “အသက် ထက်မြတ်သော ဂုဏ်သိက္ခာ” ကဇာတ်ကို မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကိုနှင့် မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ နှင့်အတူ ကြည့်ရှုအားပေးသည်။
အဆိုပါ ကဇာတ်သည် ပြည်တွင်းအင်အားဖြင့် ဖြေရှင်းနိုင်သောကိစ္စကို တိုင်းတစ်ပါး အားကိုးဖြင့် တိုင်းပြည်နှင့်လူမျိုးအပေါ် သစ္စာဖောက်၍မှားယွင်းပြုမူခဲ့သော အမှုကိစ္စအတွက် မျက်မှောက်ခေတ် အခြေအနေနှင့်ထင်ဟပ်၍ သင်ခန်းစာယူတတ်ကြစေရန် ဖြစ်ရပ်မှန် သမိုင်းနောက်ခံ တင်ဆက်ဖျော်ဖြေ သော ကဇာတ်ဖြစ်၍ နေပြည်တော်တွင် (၂)ကြိမ် ဖျော်ဖြေ တင်ဆက်ခဲ့ပြီး ယခုမန္တလေးမြို့၊ အမျိုးသား ကဇာတ်ရုံတွင် (၂)ကြိမ် ထပ်မံဖျော်ဖြေတင်ဆက် ခြင်းဖြစ်ကြောင်းနှင့် အခြားနေရာများတွင်လည်း ဖျော်ဖြေ တင်ဆက်သွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)