ရန်ကုန် နိုဝင်ဘာ ၁၉

 

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ဒုတိယဥက္ကဋ္ဌ(ဒုတိယမြို့တော်ဝန်) ဦးညီညီသည် အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက အခြေခံပညာစာသင်ကျောင်းများ၌ စနေအထူးလုပ်အားပေး ဆောင်ရွက်နေမှုကို သွားရောက် ကြည့်ရှုအားပေးသည်။ 

 

ဒုတိယမြို့တော်ဝန်နှင့်အဖွဲ့သည် ရန်ကင်းမြို့နယ် (၁၄)ရပ်ကွက် ကျောက်ကုန်းလမ်းရှိ အမှတ်(၂)အခြေခံ ပညာအထက် တန်းကျောင်း၊ တောင်ဥက္ကလာပမြို့နယ်၊ (၃)ရပ်ကွက်၊ (၅)လမ်းနှင့် (၆)လမ်းအကြား အမှတ် (၂၄)အခြေခံပညာမူလတန်းကျောင်း၊ တာမွေမြို့နယ်၊ ကျားကွက်သစ်ရပ်ကွက်၊ မလွှကုန်းလမ်းရှိ အမှတ်(၇)အခြေခံပညာမူလတန်းကျောင်း၊ ဒေါပုံမြို့နယ်၊ လမုတန်းရပ်ကွက်၊ သင်္ဘောကျင်း လမ်းရှိ အမှတ်(၇)အခြေခံပညာမူလတန်း ကျောင်းနှင့် သာကေတမြို့နယ်၊ (၁၀)ရပ်ကွက်၊ (၇)ဈေးလမ်းရှိ အမှတ်(၄၁) အခြေခံပညာ မူလတန်းကျောင်းတို့၌ သန့်ရှင်းသာယာသပ်ရပ်စေရန် စနေအထူး လုပ်အားပေးဆောင်ရွက်နေ မှုတို့ကို လိုက်လံကြည့်ရှုအားပေးပြီး ကျောင်းများအတွင်း အမှိုက်၊ မိလ္လာရေဆိုးများမှ အနံ့ဆိုးများကင်းစင်စေရန်၊ ပိုးမွှားများပေါက်ဖွားမှု မရှိစေရန်နှင့် ကျန်းမာရေးအထောက်အကူပြုနိုင်ရန် သက်ဆိုင်ရာ ကျောင်းအုပ်ဆရာမကြီးအား ဇီဝသဘာဝ အနံ့ဆိုးပျောက် ပိုးမွှားကင်းစင်ဆေး အနောက်၊ အကြည်နှင့်အမှုန့်တို့ကို ပေးအပ်၍ အသုံးပြုနည်းကို မှာကြား ပြသပေးသည်။

 

အဆိုပါကျောင်းများတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးတို့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများ ပူးပေါင်း၍ မြက်ပင်ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အုပ်မိုးကိုင်းများ ခုတ်ထွင်ရှင်းလင်းဖြတ်ညှိ ပုံသွင်းအလင်းဖွင့်ခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ခြင်ဆေးမှုတ်ခြင်း၊ ကျောင်းများရှိ ရေစည်၊ ရေကန်များ အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်း၊ ကျောင်းတွင်း၊ ကျောင်းပြင်သန့်ရှင်းရေး ပြုလုပ်ခြင်းများ ဆောင်ရွက်နေမှုကို သက်ဆိုင်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ခရိုင်စည်ပင် သာယာအုပ်ချုပ်ရေးမှူးများကလည်း ကြပ်မတ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)