ထားဝယ် နိုဝင်ဘာ ၂၀
“အားလုံးအကျုံးဝင်ဖွံ့ဖြိုးဖို့ ကလေးတိုင်းအတွက်ဆောင်ရွက်စို့” ဟူသော ဆောင်ပုဒ်နှင့်အညီ (၃၃)နှစ်မြောက်၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့ အထိမ်းအမှတ် (ကမ္ဘာ့ကလေးများနေ့) အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အထိမ်းအမှတ်နေ့အဖြစ် နှစ်စဉ်နှစ်တိုင်း ကျင်းပလာခဲ့ရာ (၃၃)နှစ် မြောက်ရှိပြီးဖြစ်ကြောင်း၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ်မှာပါရှိသော ကလေးသူငယ်အခွင့်အရေး (၄) ရပ်ဖြစ်သည့် ကလေးသူငယ်များ အသက်ရှင်သန်ခွင့်၊ ကလေးသူငယ်များ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကလေးသူငယ်များကို အကြမ်းဖက်မှု၊ လျစ်လျူရှုမှုနှင့် ခေါင်းပုံဖြတ်မှုအမျိုးမျိုးမှ ကာကွယ်စောင့်ရှောက် ခံပိုင်ခွင့်နှင့် ကလေးသူငယ်များ၏ အရေးကိစ္စတွေမှာ ကလေးသူငယ်များကိုယ်တိုင် ပူးပေါင်းပါဝင် ဆောင်ရွက်ခွင့်တို့ ဖြစ်ကြောင်း၊ တိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီကိုလည်းကောင်း၊ ခရိုင်/မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီများကိုလည်းကောင်း ဖွဲ့စည်းပေးခဲ့ပြီးဖြစ်ကြောင်း၊ ကလေးသူငယ်များ၏ အခွင့်အရေးများကို ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးမှ ဦးဆောင်၍ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဆက်စပ်ဌာနများ၊ ကလေးသူငယ် အရေးကိစ္စဆောင်ရွက်နေသော လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များပါဝင်သည့် တိုင်းဒေသကြီး ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးက သြဂုတ်လ ၂၇ ရက်က ပြန်လည်ပြင်ဆင် ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း၊ ကလေးသူငယ်များ၏ မွေးရာပါအခွင့်အရေး မဆုံးရှုံးစေရန် ကလေးသူငယ်များ၏ အခွင့်အရေးများကို ကလေးမိဘများ၊ ကလေးများနှင့် ပြည်သူလူထုတစ်ရပ်လုံး သိရှိရန်နှင့် ကလေးတိုင်း လက်လှမ်းမီ တန်းတူညီတူရရှိနိုင်ရန်အတွက် တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍအသီးသီးကနေ၍ စဉ်ဆက်မပြတ် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာသူများအား မူလတန်းကြိုကျောင်းမှ သားငယ်သမီးငယ်များက “သျှောင်ပေစူး” သီချင်း၊ “ကောက်စိုက်ချိန်” သီချင်း၊ “ခင်ထား” သီချင်းဖြင့် လည်းကောင်း၊ “အစားကြီးသော ခူကောင်လေး” ပုံပြင်၊ “မရှုပ်ပွ” ပုံပြင်ဖြင့်လည်းကောင်း “ဖားကလေးနှင့် လူကလေး" ကဗျာ၊ “ဖိုးလမင်း” ကဗျာ၊ “လယ်တောရှင်” ကဗျာဖြင့် လည်းကောင်း သီဆိုဖျော်ဖြေတင်ဆက်ကပြခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဝန်ကြီးများက သားငယ်သမီးငယ်လေးများအား အမှတ်တရ လက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)