ပဲခူး နိုဝင်ဘာ ၂၀
အပြည်ပြည်ဆိုင်ရာကလေးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက်ပိုင်းက ပဲခူးမြို့ ရန်ကုန်-မန္တလေးကားလမ်း နာရီစဉ်ပန်းခြံရှေ့တွင် ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနနှင့် တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီတို့ ပူးပေါင်းပြီး ကလေးသူငယ်များအတွက် အသိပညာပေး လက်ကမ်းစာအုပ်များနှင့် စာစောင်များကို ဖြန့်ဝေပေးကြသည်။
ကမ္ဘာတစ်ဝှမ်းလုံးရှိ ကလေးများ၏ အနာဂတ် ပိုမိုတောက်ပစေနိုင်ရေး၊ ကလေးများကို ကာကွယ်မှုအပြည့်အဝ ပေးနိုင်ရေး၊ ကလေးများ၏အခွင့်အရေး ပိုမိုရရှိနိုင်ရေး၊ ကလေးများ ရင်ဆိုင်ကြုံတွေ့ရတတ်သည့် အခက်အခဲများကို အတူတကွ ဖြေရှင်းနိုင်ရေးတို့အတွက် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးတွင်လည်း အထိမ်းအမှတ်အခမ်းအနားများ ကျင်းပပြုလုပ်ကြကြောင်း သိရသည်။

ပဲခူးမြို့တွင်လည်း လမ်းသွား၊ လမ်းလာ ပြည်သူများအား ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာမှ တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်ပြုံး ဦးဆောင်သည့်ဝန်ထမ်းများ၊ တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ပေးပို့သည့် ကလေးသူငယ်များအတွက် အသိပညာပေး လက်ကမ်းစာအုပ်များနှင့် လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးကြကြောင်းသတင်းရရှိသည်။
တင်စိုး(ပဲခူး)