မုံရွာ နိုဝင်ဘာ ၂၀

(၃၃)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ကမ္ဘာ့ကလေးများနေ့ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာမြို့နယ်၊ ချောင်းဦးမြို့နယ်တို့မှ မူလတန်းကြိုကျောင်းမှ ကျောင်းသား/ ကျောင်းသူများနှင့် မိဘများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မြန်မာနိုင်ငံတွင် ကလေးသူငယ်များကို ရတနာသဖွယ် သက်မှတ်ပြီး ချစ်ခင်မြတ်နိုး ကာကွယ်စောင့်ရှောက်လျက်ရှိသည့် အစဉ်အလာနှင့်အညီ ကလေးများ၏ အကောင်းဆုံးအကျိုးစီးပွားနှင့် ကလေးများအတွက် အကောင်းဆုံး ပတ်ဝန်းကျင်ရရှိရေးကို ဦးတည်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကလေးသူငယ်ကာ ကွယ်စောင့်ရှောက်ရေးသည် ကလေးသူငယ်များကို အကြမ်းဖက်ခြင်း၊ အလွဲသုံးခြင်း၊ လစ်လှူရှုခြင်း၊ ခေါင်းပုံဖြတ်ခြင်းတို့ကနေ ကာကွယ်စောင့်ရှောက်ရန် ဖြစ်ပါကြောင်း၊ ကလေးသူငယ်များကို နည်းမျိုးစုံဖြင့် အကြမ်းဖက်ခြင်း၊ သက်ငယ်မုဒိမ်းနှင့် လိင်ပိုင်းဆိုင်ရာအလွဲသုံးခြင်း၊ စနစ်တကျပြုစု စောင့်ရှောက်ခြင်းမပြုဘဲ လစ်လှူရှုခြင်း၊ စီးပွားရေးအရ လုပ်အားခေါင်းပုံဖြတ်ခြင်းတို့အပြင် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခြင်းနှင့် နှိပ်စက်ခြင်းတို့မှ ကင်းဝေးအောင် မိဘ၊ ရပ်ရွာ၊ ပတ်ဝန်းကျင်တို့မှ ပူးပေါင်းကာကွယ် စောင့်ရှောက်သွားကြရန် လိုအပ်ပါကြောင်း၊ ကလေးသူငယ်များသည် မိမိတို့နိုင်ငံအနာဂတ်၏ လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်သည်နှင့်အညီ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးသည် အရေးကြီးသော လုပ်ငန်းတစ်ရပ်ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် မုံရွာမူလတန်းကြိုကျောင်းမှ ကလေးငယ်များက ပန်းကောက်တေးသီချင်းဖြင့် ကပြဖျော်ဖြေပြီး ပုံပြင်၊ ကဗျာ သီချင်းပြိုင်များတွင် ဆုရကလေးငယ်များက သီဆိုဖျော်ဖြေကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ပုံပြင်၊ ကဗျာပြိုင်ပွဲများတွင် ပထမဆုရရှိသော ကလေးငယ်များအား ဆုတံဆိပ်များအားလည်းကောင်း၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူးနှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုးတို့က ဒုတိယဆုရရှိသော ကလေးငယ်များအား ဆုတံဆိပ်များအားလည်းကောင်း၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်နှင့် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်တို့က တတိယဆုရရှိသော ကလေးငယ်များအား ဆုတံဆိပ်များ အသီးသီးပေးအပ် ချီးမြှင့်ကြပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက အခမ်းအနားသို့ တက်ရောက်လာကြသော ကလေးငယ်များအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)