ရန်ကုန် နိုဝင်ဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများနှင့် တိုင်းအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက တိုက်ကြီးမြို့နယ် မိုးစပါး စံပြကွက် ရိတ်သိမ်းပွဲ အခမ်းအနား တက်ရောက်အားပေးပြီး ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးကြသည်။
ဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မိုးစပါး စံပြကွက်ရိတ်သိမ်းမည့် ပုတ်တကျေးရွာအုပ်စု၊ သစ်စုကျေးရွာသို့ ရောက်ရှိရာ တိုင်းဒေသကြီး မြေစာရင်းဦးစီးဌာနနှင့် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက မြို့နယ်အတွင်း (၁၂၅၃၆၇) ဧက အပါအဝင် တိုင်းဒေသကြီးအတွင်း မိုးစပါး (၁၁၄၃၆၉၆) ဧက စိုက်ပျိုးထားရှိရာ ယနေ့တွင် တောင်သူဒေါ်ညွန့်၏ မိုးစပါး (၈) ဧက စံပြကွက်ရိတ်သိမ်းမည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ဝန်ကြီးချုပ်က တောင်သူများကို ဝင်ငွေရလမ်းပိုမိုရရှိစေရန်မိုးစပါးပြီးပါက နွေစပါးနှင့် ရာသီပေါ် သီးနှံများစိုက်ပျိုးကြရန်၊ စိုက်ပျိုးရေ လုံလောက်စွာရရှိရေးနှင့် လိုအပ်သည့် ပံ့ပိုးကူညီမှုများကို ဆောင်ရွက်ပေးမည့် အစီအစဉ်များ၊ သီးထပ်၊ သီးညှပ်အဖြစ် အထွက်ကောင်းမျိုးများဖြစ်သည့် ရေဆင်း (၁) စပ်မျိုးနေကြာသီးနှံ စိုက်ပျိုးကြရန်နှင့် မျိုးစေ့၊ ဓါတ်မြေဩဇာများ ပံ့ပိုးဖြည့်ဆည်းပေးမည့် အခြေအနေများပြောကြားပြီး မိုးစပါး စံပြကွက် ရိတ်သိမ်းနေမှု၊ ရိတ်သိမ်းပြီးစပါးများ ချိန်တွယ်နေမှုများကို ကြည့်ရှုအားပေးပြီး တောင်သူများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်သည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လမ်းဦးစီးဌာနက တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၂၂-၂၀၂၃ ငွေလုံးငွေရင်း ဘဏ္ဍာငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် တိုက်ကြီး - ဖောင်ကြီး - ပဲခူးလမ်း ကတ္တရာခင်းခြင်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထင်ကျော်က မိုင်တိုင်အမှတ် ၀/၀ မှ ၀/၁ အထိ အရှည် ၁ ဖာလုံအား မူလ ၁၂ ပေအကျယ်မှ အကျယ်ပေ ၃၀ နှင့် မိုင်တိုင် ၀/၁ မှ ၀/၂ အတွင်း အရှည် (၅၉၀) ပေအား မူလ ၁၂ ပေအကျယ်မှ ၁၈ ပေအကျယ် ကတ္တရာလမ်းခင်းခြင်း၊ မီးရထားလမ်းနှင့် ကားလမ်းဆုံသည့်နေရာတွင်တွင် Level Crossing ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်က လုပ်ငန်းခွင်အတွင်း ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ အမြန်ဆုံးပြီးစီးရေးနှင့် ရေရှည်အသုံးပြုနိုင်ရေး စံချိန်၊ စံညွှန်းများနှင့်အညီ ဆောင်ရွက်ကြရန်နှင့် လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
ဆန်းကျော်ဦး(ပြန်/ဆက်)