ရန်ကုန် နိုဝင်ဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများနှင့် တိုင်းအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယမန်နေ့မွန်းတည့် ၁၂ နာရီခန့်တွင် နေကြာစိုက်ခင်း စတင်စိုက်ပျိုးထားရှိမှုကို ကြည့်ရှုအားပေးပြီး Natural Clay စက်ရုံ၏ ကြက်ချေး၊ ဖွဲ သဘာဝ ဇီဝဓာတ်မြေဩဇာ လုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။
ဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုက်ကြီးမြို့နယ်၊ ဥတိုကျေးရွာရှိတောင်သူ ဦးတင်လှ၏ အထွက်ကောင်း မျိုးများဖြစ်သည့် ရေဆင်း(၁) စပ်မျိုးနေကြာသီးနှံ စိုက်ပျိုးထားရှိမှုကို ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီး စိုက်ပျိုးရေးဌာန ဦးစီးမှူး ဦးမြင့်ဆွေက မြို့နယ်အတွင်းရှိကျေးရွာ (၅၅) အုပ်စုတွင် ဧက (၂၅၀၀) စိုက်ပျိုးမှု အပါအဝင် တိုင်းဒေသကြီးအတွင်း မြို့နယ် (၁၅) မြို့နယ်တွင် (၈၄၆၅) ဧက လျာထားစိုက်ပျိုးနေမှုနှင့် တောင်သူ ဦးတင်လှက (၁၄) ရက်သားရှိ နေကြာသီးနှံ (၅) ဧက စိုက်ပျိုးထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ဝန်ကြီးချုပ်က ပြည်တွင်း၌ စားသုံးဆီ ဖူလုံစွာရရှိရေး နေကြာသီးနှံစိုက်ပျိုးမှု ဖြစ်ထွန်းအောင်မြင်ရန် လိုအပ်ကြောင်း၊ နေကြာမျိုးစေ့များသည် အထွက်ကောင်း မျိုးများဖြစ်ပြီး တန်ဖိုးမြင့်မား၍ တိုင်း၊ ခရိုင်၊ မြို့နယ် စိုက်ပျိုးရေးအဖွဲ့များက ကူညီပေါင်းစပ်ပေးရန်နှင့် နွေစပါးအတွက် စိုက်ပျိုးရေ လုံလောက်စွာရရှိရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးကာ လိုအပ်သည်များ မှာကြားပြီး စိုက်ခင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး၍ တောင်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးသည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မှော်ဘီမြို့နယ်၊ သံဒေပင်ကျေးရွာရှိ Natural clay စက်ရုံသို့ ရောက်ရှိရာ တာဝန်ရှိသူများက Japan နည်းပညာရှင်များကိုယ်တိုင် ဦးစီးပြီး သဘာဝမြေသားစစ်စစ်ဖြင့် ထုတ်လုပ်ထားသော အုတ်ကြွပ်မိုးပြားများ ကြမ်းခင်းပြားများ၊ နံရံကပ်ပြားများထုတ်လုပ်နေမှု၊ ငါး၊ ပုစွန် မွေးမြူရေးကန်များအတွင်း ၎င်းတို့၏ စွန့်ပစ်အညစ်အကြေးများနှင့် ကန်အတွင်း၎င်းတို့ သေဆုံးသွားပါက အကျိုးပြု အဏုဇီဝပျော်ရည်ဖြင့် သန့်ရှင်းစေသည့် ဆေးထုတ်လုပ်နေမှု၊ ကြက်ချေး၊ ဖွဲတို့ဖြင့် သဘာဝဇီဝမြေသြဇာ ထုတ်လုပ်နေမှုလုပ်ငန်းများနှင့် ဈေးကွက်သို့ စတင်ဖြန့်ချိနေမှုများကို ရှင်းလင်းတင်ပြကြသည်။
ဝန်ကြီးချုပ်က MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူတန်းစားအလွှာမျိုးစုံ ဝယ်ယူ အသုံးပြုနိုင်ရေး ထုတ်လုပ်ရန်၊ စိုက်ပျိုးတောင်သူများ၊ သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက် ဆောင်ရွက်ပေးမည့် အစီအစဉ်များကိုပြောကြားပြီး လုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ဆန်းကျော်ဦး(ပြန်/ဆက်)