ရန်ကုန် နိုဝင်ဘာ ၂၀

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)မှ ဆောင်ရွက်လျက်ရှိသည့် တွံတေးမြို့နယ် ကွင်းပေါက်ကျေးရွာမှ ခရမ်းဝကျေးရွာအထိ ကုန်ထုတ်လမ်းမကြီးအား ကွန်ကရိလမ်းခင်းကျင်းနေမှု၊ ကွင်းပေါက်-ခရမ်းဝ ကား လမ်းဘေး ကွန်ကရိဖျော်စက် တည်ဆောက်ထားရှိမှု၊ ဒလမြို့နယ် ဆိပ်ကြီးတံတားမှ မြဝတီမင်းကြီးလမ်းအထိ ဒလ-တွံတေး ကားလမ်းမ လမ်းဘေးဝဲ/ယာ ကွန်ကရိ လမ်းသား တိုးချဲ့ခင်းကျင်းနေမှု၊ ဒလ-တွံတေးလမ်းနှင့် ဗိုလ်တေဇလမ်းထောင့်အနီး သန့်ရှင်းသာယာ ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဘုရင့်နောင်ရပ်ကွက် ဆင်ဖြူရှင် လမ်းကွန်ကရိ ခင်း ကျင်းနေမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကြည့်ရှုစစ်ဆေးစဉ် မြို့တော်ဝန်က လုပ်ငန်းခွင်အတွင်း သတ်မှတ်စံချိန်စံညွှန်းနှင့် အညီ ဆောင်ရွက်ရန်၊ လမ်းဘေးဝဲ /ယာ သန့်ရှင်းသာယာသပ်ရပ်ရေး၊ မြောင်းဖုံးပေါ်ရှိ ကျူးကျော်နေအိမ်များ ဖယ်ရှားရေးနှင့် အမှိုက်ကန်များကို စနစ်တကျထားရှိရေး ဆောင် ရွက်ရန် မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ခရမ်းဝရွာ မှ ကွင်းပေါက်ရွာအထိ အရှည် ၄ ဒသမ ၀၂၈ မိုင် မြေသားလမ်းကို အောက်ခံထု ၆ လက်မအပေါ် ၈ လက်မထုဖြင့် ကွန်ကရိ ကုတ်ထုတ်လမ်း ခင်းကျင်း နေခြင်းဖြစ်ကြောင်း၊ အဆိုပါ ကုန်ထုတ်လမ်းခင်းကျင်း ပြီးစီးပါက  တွံတေးမြို့နယ်အတွင်း ရှိ လယ်ယာစိုက်ပျိုးရေး၊ ဆန်၊ စပါးနှင့် ငါးမွေးမြူးရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာနိုင် မည်ဖြစ်ကြောင်း၊ ခရမ်းဝ-ကွင်းပေါက် ကုန်ထုတ်လမ်းမအနီးတွင် တည်ဆောက်ထားသည့် ကွန်ကရိဖျော်စက်မှာ တစ်နာရီလျှင် ၁၆ ကုဗမီတာ ထုတ်လုပ်နိုင်ကြောင်း၊ ဒလမြို့နယ် ဒလ- တွံတေးကား လမ်းမပေါ်ရှိ ဆိပ်ကြီးတံတားနှင့် မြဝတီမင်းကြီးလမ်း အကြားတွင် လမ်းဘေးဝဲ/ယာ  အရှည်ပေ ၄၁၀၀၊ အကျယ် တစ်ဖက် ၁၅ ပေ၊ ထု ၉ လက်မ ဖြင့် ကွန်ကရိလမ်းသား တိုးချဲ့ခင်းကျင်း နေခြင်းဖြစ်ကြောင်းနှင့် ဘုရင့်နောင်ရပ်ကွက် ဆင်ဖြူ ရှင်လမ်းကို အရှည် ပေ ၁၉၀၀၊ အကျယ် ၂၄ ပေ၊ ထု ၉ လက်မ ကွန်ကရိ ခင်းကျင်းနေခြင်း ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်