နေပြည်တော် နိုဝင်ဘာ ၂၀

ဒေသအတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ရုံးအဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုး သည် ယမန်နေ့ နံနက်ပိုင်းက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်‌ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၌ တွေ့ဆုံညှိနှိုင်ဆွေးနွေးသည်။

ယင်းနောက် ဒုတိယဝန်ကြီး၊ ဒေသဦးစီးဥက္ကဋ္ဌနှင့်အဖွဲ့သည် ဟိုပုံးမြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်နေသော (၅၈ x ၅၃x၂၄)ပေ RC (၂)ထပ် ရုံးအဆောက်အဦ တည်ဆောက်လုပ်နေမှုနှင့် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၏ ဟိုပုံးမြို့နယ်ရုံး ဆောက်လုပ်မည့်မြေနေရာတို့ကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် တောင်ကြီးခရိုင် ဟိုပုံးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်ပေးခဲ့သော အရှည် (၁ ဒသမ ၅) ကီလိုမီတာရှိ ဝမ်လွယ်-ဟိုတိ-ကုန်းကျိုင်း ကျေးရွာချင်းဆက် မြေသားလမ်းဖောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ဒေသခံတိုင်းရင်းသားများ၏ တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး၊ ဒေသဦးစီးဥက္ကဋ္ဌနှင့်အဖွဲ့သည် သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအတွင်း ခေတ်မီစံပြကျေးရွာ (SMART Village)အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နေသော ဟိုပုံးမြို့နယ်၊ ကျောက်တန်းကျေးရွာသို့ ရောက်ရှိပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ဒေသဦးစီးအဖွဲ့ဝင် ဦးခွန်ကောင်းချစ်ထွန်းနှင့် ဒေသခံပြည်သူများ၏ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးနှင့် ဒေသဦးစီးဥက္ကဋ္ဌတို့က လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။

ထို့နောက် ခေတ်မီစံပြကျေးရွာအတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော ကျေးရွာတွင်းလမ်းအမှတ် (၁) ကွန်ကရစ်ခင်းခြင်း ဆောင်ရွက်နေမှုကိုလည်းကောင်း၊ ကျေးရွာရေပေးရေးအတွက် ပေ ၄၀၀ အဝီစိတွင်း တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကိုလည်းကောင်း၊ Cash For Work စီမံကိန်း ခွင့်ပြုရန်ပုံငွေကျပ် သိန်း (၁၀၀) ဖြင့် ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင် ဆောင်ရွက်နေသော သုဿာန်အဝင်လမ်း ဖောက်လုပ်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းလိုအပ်ချက် များအပေါ် ဒုတိယဝန်ကြီးနှင့် ဒေသဦးစီးဥက္ကဋ္ဌတို့က လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။ 

သတင်းစဉ်