နေပြည်တော် နိုဝင်ဘာ ၂၀

ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်းအမှတ် (ကမ္ဘာ့ကလေးများနေ့)အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီးရုံး စုပေါင်းအစည်းအဝေး ခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းသည်။

အဆိုပါအခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် တက်ရောက်၍ ဝန်ကြီးဌာန အနေဖြင့် ကလေးသူငယ်များ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန်နှင့် မြှင့် တင် ဆောင်ရွက်ရန်အတွက် သက်ဆိုင်ရာအစိုးရဌာနများ၊  INGOs/ NGOs များ၊ အရပ် ဖက် လူမှုအဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး UNCRC ပါ ကလေးသူငယ် အခွင့်အရေးများကို Focal Ministry အနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။

ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် မသန်စွမ်း ကလေးသူငယ်များ၊ အရွယ်မတိုင်မီ အလုပ်လုပ်နေရသော ကလေးများ၊ ရွှေ့ပြောင်း ကလေးများ၊ လူကုန်ကူးခံရသော ကလေးများ၊ ရင်ခွင်မဲ့ကလေးများ၊ လမ်းပေါ်နေ ကလေး များ၊ ဥပဒေနှင့်ရင်ဆိုင် နေရသော ကလေးများစသည့် ကလေးသူငယ် အမျိုးအစားအားလုံး အကျုံးဝင်စေရေးအတွက် စီမံချက်များချမှတ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ ကြောင်း၊ ကလေးသူငယ်များအပေါ်  ကျူးလွန်ခံရသည့် အခွင့်အရေး ချိုးဖောက်မှုများ၊  သက်ငယ်မုဒိမ်းမှု၊ ကျား/မ အခြေပြု အကြမ်းဖက်မှုများနှင့် ပတ်သက်ပြီးကာယကံရှင် ကိုယ်တိုင်သော် လည်းကောင်း၊ သိရှိသူပြည်သူများမှ လည်းကောင်း ဝန်ကြီးဌာနမှ ဖွင့်လှစ် ထားရှိသော Help Line နံပါတ် ၁၅၆၆ သို့ ယုံကြည်စွာ တိုင်ကြားနိုင်ပြီး တိုင်ကြားသူများ၏ သတင်းအချက်အလက် မပေါက်ကြားရေးကို အထူးအလေးထား လက်ခံဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း။

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက ယခုနှစ် ကမ္ဘာ့ကလေးများနေ့အတွက် ချမှတ်ပေး ထားသည့် ဆောင်ပုဒ်မှာ “Inclusion, For Every Child” “အားလုံးအကျုံးဝင်ဖွံ့ဖြိုးဖို့ ကလေးတိုင်းအတွက် ဆောင်ရွက်စို့” ဖြစ်ပြီး အားလုံးပါဝင် ဆောင်ရွက်ပေးကြရန် တိုက် တွန်း လှုံ့ဆော်ထားခြင်းဖြစ်ကြောင်း၊ ကလေးသူငယ်များသည် နိုင်ငံတစ်နိုင်ငံ၏ အနာဂတ် ဖြစ်ခြင်းကြောင့် အခြေခံကျသည့် အသက်ရှင်သန်ခွင့်(Survival)၊ ဖွံ့ဖြိုးတိုးတက်ခွင့် (Development)၊ ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့်(Protection)နှင့် ပါဝင်ဆောင်ရွက်ခွင့် (Participation)စသည့် ကလေးသူငယ် အခွင့်အရေး (၄)ရပ်ကို အလေးထား ဂရုစိုက်ပြီး ကလေးများအတွက် ပိုမိုကောင်းမွန်ပြီး လုံခြုံစိတ်ချရသည့် အနာဂတ်တစ်ခု ဖန်တီးပေးရ မည် ဖြစ်ကြောင်းနှင့် ကလေးသူငယ်များ၏ မွေးရာပါအခွင့်အရေး မဆုံးရှုံးစေရန်၊ ကလေးသူငယ် အခွင့်အရေးများကို ကလေးမိဘများ၊ ကလေးများနှင့် ပြည်သူလူထု တစ်ရပ်လုံး သိရှိရန်နှင့် ကလေးတိုင်း လက်လှမ်းမီတန်းတူညီတူ ရရှိနိုင်ရန်အတွက် တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍ အသီးသီးကနေ စဉ်ဆက်မပြတ် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။

အခမ်းအနားတွင် ကလေးသူငယ်အခွင့်အရေးများနှင့် ပတ်သက်သည့် ဗီဒီယိုကို ပြသပြီး နေပြည်တော် ကလေးပြုစုရေးဌာနနှင့် နေပြည်တော် မူလတန်းကြိုကျောင်းများရှိ ကလေး ငယ်များမှ တေးသရုပ်ဖော်များဖြင့် တင်ဆက်ကပြကြကာ ပြည်ထောင်စုဝန်ကြီးက ကလေးငယ်များကို ဆုများချီးမြှင့်ခဲ့သည်။ 

ကမ္ဘာတစ်ဝန်းလုံးတွင်ရှိသော ကလေးသူငယ်များ၏ အခွင့်အရေးများကို ကာကွယ် စောင့်ရှောက်ရန်နှင့်  မြှင့်တင်ဆောင်ရွက်ရန်အတွက် အပြည်ပြည်ဆိုင်ရာ စာချုပ်အဖြစ် အတည်ပြုပြဋ္ဌာန်း ခဲ့သည့်ရက်ကို ဂုဏ်ပြုသည့်အနေဖြင့် ကုလသမဂ္ဂအဖွဲ့ကြီးက နိုဝင်ဘာ ၂၀ ရက်ကို World Children’s Day အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် UNCRC ကို ၁၉၉၁ ခုနှစ် သြဂုတ် ၁၅ ရက်တွင် အဖွဲ့ဝင်အဖြစ် အတည်ပြုပါဝင်ခဲ့ပြီး အထိမ်းအမှတ် အခမ်းအနားကို ကျင်းပခဲ့သည်မှာ (၃၃) နှစ်ပြည့်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

သတင်းစဉ်