ဘားအံ နိုဝင်ဘာ ၂၁
၂၀၂၂ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင်ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားတွင် ကရင်ပြည်နယ် ကိုယ်စားပြုသွားရောက်ဖျော်ဖြေ တင်ဆက်မည့် ဒုံယောင်ဖူကျော်ဇာတ်အဖွဲ့ကို ကရင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစောမြင့်ဦးက တွေ့ဆုံ၍ ထောက်ပံ့ငွေပေးအပ်သည့် အခမ်းအနားကို ယနေ့မွန်းလွဲ ၃ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်၏ နေ့ထူးနေ့မြတ်ဖြစ်သော (၇၅)နှစ် မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားတွင် ကရင်ပြည်နယ်မှ ဒုံယောင်ဖူကျော် ဇာတ်အဖွဲ့ သွားရောက် ဖျော်ဖြေခွင့်ရသည့်အတွက် အထူးဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ကျန်းမာရေးကို အလေးထား၍ စည်းစနစ်တကျဖြင့် ကရင်ပြည်နယ်၏ဂုဏ်ကို ထိန်းသိမ်း မြှင့်တင်ကြစေလိုကြောင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှုကို ဆက်လက်ထိန်းသိမ်း ဖော်ထုတ်၍ အစွမ်းကုန်မြှင့်တင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပြီး နောင်လာမည့်မျိုးဆက်များ သို့လည်း လက်ဆင့်ကမ်းပေးသွားကြစေလိုကြောင်း၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် လည်း အခက်အခဲများ၊ လိုအပ်သည်များကို ကူညီထောက်ပံ့မှုများဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ဒုံယောင်ဖူကျော်ဇာတ်အဖွဲ့ကို ငွေကျပ် သိန်း(၂၀) ထောက်ပံ့ပေးအပ်ရာ ခေါင်းဆောင်မင်းသမီးများက လက်ခံရယူကြပြီး ဇာတ်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။
သတင်းစဉ်