နေပြည်တော် နိုဝင်ဘာ ၂၁
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာတွင် နိုဝင်ဘာ ၁၉ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မြန်မာစက်မှုဆိပ်ကမ်း ကုန်သေတ္တာစစ်ဆေးရေး စခန်း၌ တာဝန်ကျစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ကုန်သေတ္တာ(၁)လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားခြင်းမရှိသော DR.Face အမှတ်တံဆိပ်ပါ အလှကုန်ပစ္စည်းများ(၁၃၉၅)ကီလိုဂရမ် ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀,၈၅၀,၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူ ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကော့ကရိတ်(တံတားကျိုး)စုပေါင်းစစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ(ID)တွင်ကြေညာထားခြင်းမရှိသော Coat Rack High Quality Stainless Steel (၂၅)ဖာခန့်မှန်းတန်ဖိုးငွေကျပ် ၁,၂၅၀,၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ချင်းပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းစစ်ဆေးရေးအဖွဲ့က ရှောင်တခင်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တီးတိန်မြို့နယ်၊ စကောလမ်းရပ်ကွက်အနီး၌ ကလေးမြို့မှ တွန်းဇံမြို့ဘက်သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၁)စီးပေါ်၌ တရားမဝင်သယ်ဆောင်လာသော ခိုင်းနွား (၁၇)ကောင် ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇,၀၀၀,၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် နိုဝင်ဘာ ၂၀ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် (၁၆)မိုင်ကျောက်ချောစစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်း စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မော်တော်ယာဉ်(၂)စီးပေါ်၌ တရားဝင်တင်သွင်းခွင့် အထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် ဓာတုကုန်ကြမ်းပစ္စည်းများ ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၉,၀၀၀,၀၀၀ နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Cheng Long Dump Truck အမျိုးအစား မော်တော်ယာဉ်(၂)စီး ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀,၀၀၀,၀၀၀ ၊ စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၀၉,၀၀၀,၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ဆက်လက်၍ နိုဝင်ဘာ ၂၁ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီးသစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေး အဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင်အတွင်း၌ တရားမဝင် ကျွန်းသစ်(၀ ဒသမ ၃၀၉၆)တန် ခန့်မှန်းတန်ဖိုးကျပ် ၂၀၄,၃၃၆ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင် ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ နိုဝင်ဘာ ၁၉ ရက်၊ ၂၀ ရက်နှင့် ၂၁ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၈)မှု၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၈,၃၀၄,၃၃၆ ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်