ပွင့်ဖြူ နိုဝင်ဘာ ၂၂

မကွေးတိုင်းဒေသကြီး  ပွင့်ဖြူမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာ ငါးရွာမှ ဒေသခံ ကျေးလက်နေပြည်သူများ ရွာသီမရွေး အဆင်ပြေစွာ ကူးလူးဖြတ်သန်းသွားလာနိုင်ရန်အတွက် ကျေးရွာချင်းဆက်လမ်း အရှည်ပေ နှစ်မိုင် ဂဝံမြေနီလမ်း ခင်းခြင်းလုပ်ငန်းနှင့် အရှည် (၁၅) ပေ Box Culvert သုံးစင်း တည်ဆောက်ခြင်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ၈၅ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း အဆိုပါ မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနရုံးမှ သိရသည်။

အဆိုပါ ကျေးရွာချင်းဆက်လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ၂၀၂၂ -၂၀၂၃ ဘဏ္ဍာရေးနှစ် ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ် ၆၆ ဒသမ ၅၀ သန်း အသုံးပြု၍ တင်ဒါစနစ်ဖြင့် မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ (မြို့ပြ) ဒေါ်မိမိလွင် ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ပွင့်ဖြူမြို့နယ် မုန်းဇလဲ - ကျောင်းကုန်းကြီး ဆက်သွယ်ဖောက်လုပ်ထားသည့် ကျေးရွာချင်းဆက်လမ်းနှင့် အရှေ့လေးအိမ်ကျေးရွာ - လက်တံ (၁၁) သို့ ဖောက်လုပ်ထားသည့်လမ်း  စုစုပေါင်း လမ်းအရှည်ပေ နှစ်မိုင်အား ဂဝံမြေနီလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်း၊ ဖလံတောကျေးရွာနှင့် ရွာသာကြီး ကျေးရွာချင်းဆက်လမ်းတွင် အရှည် (၁၅) ပေရှိ  Box Culvert သုံးစင်း တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းတို့ကို        ၂၀၂၂ ခုနှစ် ၊ ဇူလိုင်လ ပထမပတ်က လုပ်ငန်းစတင် ဆောင်ရွက်ခဲ့ကြောင်းနှင့် ယခုအခါ လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းနှင့် တံတားတည်ဆောက်ခြင်းလုပ်ငန်းမှာ ၈၅ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

mdn

 

ယင်း ကျေးရွာချင်းဆက်လမ်း အဆင့်မြှင့်တင်ခြင်းနှင့် Box Culvert သုံးစင်း တည်ဆောက်ခြင်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးပါက ပွင့်ဖြူမြို့နယ် ကျောင်းကုန်းကြီးကျေးရွာ ၊ မုန်းဇလဲကျေးရွာ ၊ ဖလံတောကျေးရွာ၊ ရွာသာကြီးကျေးရွာနှင့် အရှေ့လေးအိမ်ကျေးရွာတို့မှ အိမ်ခြေ ၂၃၃၈ အိမ် ၊ လူဦးရေ ၁၁၆၁၈ ဦးအတွက် တစ်ရွာနှင့် တစ်ရွာ ကူးလူးဖြတ်သန်း သွားလာရာ၌ လွယ်လင့်တကူ ဖြတ်သန်းသွားလာနိုင်မည့်အပြင် လယ်ယာမြေများမှ ထွက်ရှိသော သီးနှံထွက်ကုန်များကိုလည်း ဈေးကွက်သို့ အချိန်ကုန် လူပင်ပန်းသက်သာစွာဖြင့် တင်ပို့ရောင်းချသွားနိုင်မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ (မြို့ပြ) ဒေါ်မိမိလွင် က ပြောသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )