မင်းကွန်း  ၁၁ ဖေဖော်ဝါရီ

 

မင်းကွန်းဒေသသို့ လာရောက်လည်ပတ်သော နိုင်ငံတကာ ခရိီးသွားဧည့်သည်များကို ပေါင်းမိုးလှည်း ဝန်ဆောင်မှုလုပ်ငန်းမှာလမ်းပန်းဆက်သွယ်ရေး မကောင်းခင်ကာလ မန္တလေး-မင်းကွန်း ပြေးဆွဲသော စက်လှေစီး ပြည်တွင်းခရီးသွားများကို လှည်းဖြင့်ကြိုဆိုခြင်းမှ စတင်ခဲ့ရာ လက်ရှိကာလအထိ ပေါင်းမိုးလှည်း ဝန်ဆောင်မှုလုပ်ငန်းမှာ နှစ်ပေါင်း (၃၀) ရှိပြီဖြစ်ပြီး လက်ရှိတွင် ပေါင်းမိုးလှည်း (၅)စီးဖြင့် ဝန်ဆောင်မှုပေးလျက်ရှိကြောင်း ပေါင်းမိုးလှည်းဆရာ ဦးဝင်းနိုင်က ပြေသည်။

 

1

 

လက်ရှိကာလ မင်းကွန်းဒေသသို့ နိုင်ငံတကာ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှု များပြားလျက်ရှိရာ ပေါင်းမိုးလှည်း ဝန်ဆောင်မှုလုပ်ငန်း ပုံမှန်အလုပ်ဖြစ်လျက်ရှိကြောင်း သိရသည်။

 

2

 

ယခင်က မင်းကွန်းဒေသတွင် ပေါင်းမိုးလှည်း ဝန်ဆောင်မှုပြုလုပ်သည့် လှည်း(၁၅)စီးကျော်ရှိခဲ့ပြီး ယခုအခါ သုံးဘီးဆိုင်ကယ်များဖြင့် ဝန်ဆောင်မှုပေးလာသည့်အတွက် ပေါင်းမိုးလှည်း (၅)စီးသာ ဝန်ဆောင်မှု ပေးလျက်ရှိသည်။

 

3

 

ပေါင်းမိုးလှည်းတစ်စီးလျှင် ခရီးသွားဧည့်သည် နှစ်ဦးမှ လေဦး အထိတင်ပြီး တစ်ခါတစ်ရံ ခြောက်ဦးအထိ တင်ဆောင်ပေးကာ ပေါင်းမိုးလှည်းတစ်ခေါက်လျှင် ငွေကျပ် ၈၀ဝ၀ ရရှိပြီး တစ်နေ့လျှင် အနည်းဆုံး နှစ်ခေါက်မှ သုံးခေါက်အထိ ရရှိကြောင်း သိရသည်။

 

ပေါင်းမိုးလှည်းများကို ခြင်္သေ့ကြီးနှစ်ကောင်ဆိပ်နှင့် ပုံတော်လေးဘုရားအနီးတွင် ရပ်နားကြပြီး ပေါင်းမိုးလှည်းများမှာ ရေဆိပ်မှ ခြင်္သေ့ကြီးနှစ်ကောင်၊ မြသိန်းတန်ဘုရား၊ မင်းကွန်းခေါင်းလောင်းကြီးကို အဓိကထား ပို့ဆောင်ပေးလျက်ရှိသည်။

 

ပေါင်းမိုးလှည်းဝန်ဆောင်မှု ပြုလုပ်သူများမှာ တောင်သူလုပ်ငန်းနှင့် တွဲဖက်လုပ်ကိုင်ကြပြီး လက်ရှိကာလတွင် မင်းကွန်းရွာမှ ဦးဝင်းနိုင် အပါအဝင် ထန်းမြင့်ရွာမှ ပေါင်းမိုးလှည်း လေးစီးမှာ နေ့စဉ်ဝန်ဆောင်မှုပေးလျက် ရှိကြောင်း သိရသည်။

 

စိုးရွှေ(မြစ်ငယ်)