နေပြည်တော်  ၁၁  ဖေဖော်ဝါရီ

 

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနသည် ဟိုတယ်နှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး၊ မြန်မာ နိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံတကာမှခရီးသွားဧည့်သည်များ လုံခြုံစိတ်ချစွာဖြင့် အဆင်ပြေ ချောမွေ့စွာ သွားရောက်လည်ပတ်နိုင်ရေးတို့ကို ဆောင်ရွက်လျက်ရှိသည်။

 

456

 

ထို့သို့ ဆောင်ရွက်ရာတွင် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ ကြီးကြပ်မှု Kaung Hein Shwe Sin Co.,Ltd ၏ စီစဉ်ဆောင်ရွက်မှုတို့ဖြင့် မလေးရှားနိုင်ငံသား ဧည့်သည် (၆) ဦးသည် ၄င်းတို့၏ ကိုယ်ပိုင်မော်တော် ဆိုင်ကယ် (၆)စီးဖြင့် ဖေဖော်ဝါရီ ၅ ရက်မှ  ၈ ရက်အထိ မြဝတီ- ပဲခူး- ပုဂံ- ဂန့်ဂေါ- တမူး ခရီးစဉ်အတိုင်း သွားရောက်လည်ပတ်၍ တမူးနယ်စပ်ဂိတ်မှ အိန္ဒိယနိုင်ငံသို့ ပြန်လည်ထွက်ခွာ ခဲ့ကြသည်။

 

ပွင့်လင်းရာသီကာလ ဖြစ်သည်နှင့်အညီ နိုင်ငံခြားသား ခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ ပိုမိုတိုးမြှင့် ဝင်ရောက်နိုင်ရေးအတွက် ခရီးစဉ်ဒေသအသစ်များ ဖော်ထုတ်ခြင်းနှင့် ဘက်ပေါင်းစုံမှ ဖြေလျှော့ ဆောင်ရွက်မှုများကြောင့် မြန်မာနိုင်ငံ၏ ထင်ရှားသော ဒေသများသို့ စဉ်ဆက်မပြတ် လာရောက်လည်ပတ် လျက်ရှိသည်။

 

ပြည်တွင်းပြည်ပမှ ခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံ၏ တောတောင် ရေမြေ သဘာဝအလှအပများ၊ တိုင်းရင်းသား လူမျိုးများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များကို ကြည့်ရှုလေ့လာခံစားနိုင်ရန် လေကြောင်း၊ ရေကြောင်းများဖြင့်သာမက နယ်စပ် ဝင်/ထွက်ပေါက်များမှ ကိုယ်ပိုင်မော်တော်ယာဉ်များဖြင့် လည်းကောင်း၊ ပြည်တွင်းအပျော်စီး သင်္ဘောများဖြင့်လည်းကောင်း လာရောက် လည်ပတ်လျက်ရှိကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။

 

MDN