မန္တလေး ဒီဇင်ဘာ ၂

 

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်သည် မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနွမ်၊ ညွှန်ကြား ရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့်အတူ  ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန မန္တလေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး၌ ရုံးအဆောက်အအုံအတွင်း မိုးရာသီတွင် ရေလျှံမှုဖြစ်ပွားခြင်းကြောင့် ကျောက်စီမြေထိန်းနံရံပြုလုပ်ခြင်း၊ အုတ်ခြံစည်းရိုး၊ အုတ်ရေမြောင်း၊ လူကူးတံတားတပ်ဆင်ခြင်းနှင့် တံခါးတပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည် များ မှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများနှင့်တွေ့ဆုံခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက မိမိတို့နိုင်ငံ၏ အချုပ်အခြာ အာဏာတည်တံ့ ခိုင်မြဲရေး၊ တိုင်းရင်းသားများစည်းလုံးညီညွတ်ရေးနှင့် ပြည်ထောင်စုမပြိုကွဲ ရေးသည် နိုင်ငံသားတိုင်း ၏ မွေးရာပါတာဝန်ပင်ဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများသည် ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ဘာသာစွဲနှင့် လူမျိုးစွဲမထားဘဲ မည်သည့်အစိုးရအုပ်ချုပ်သည်ဖြစ်စေ နိုင်ငံတော်က ပေးအပ်သည့်တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြရမည်ဖြစ်ပါကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငြိမ်းချမ်းရေး သည် အလွန်အရေးကြီးသည့်အတွက် တိုင်းရင်းသားများအားလုံး ကျရာကဏ္ဍတွင် ဝိုင်းဝန်းဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားဒေသများတွင် စီမံကိန်းများဖော်ဆောင်ရာ၌ စီမံကိန်း မြေယာများဖြစ်သည့် မြေလွတ်၊ မြေလတ်၊ မြေရိုင်းများနှင့်ပတ်သက်၍ ပြဌာန်းထားသည့်ဥပဒေ များနှင့်အညီ ကွင်းဆင်းစစ်ဆေးရာတွင် မှန်မှန်ကန်ကန်ဖြင့် အချိန်မီပြီးစီးအောင်ဆောင်ရွက်ကြရန် မှာကြား လိုပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိဘဝတိုးတက်စေရန်၊ မိမိတို့ဝန်ကြီးဌာနတိုးတက် စေရန်နှင့် တိုင်းပြည်တိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ အရေ အတွက်မှ အရည်အချင်းပြည့်မီစေရန် ဝန်ကြီးဌာနမှလည်း သင်တန်းများ ဆက်လက်ပေးအပ် သွားမည်ဖြစ် ပါကြောင်း၊ ကြိုးစားသည့်အလျောက် အကျိုးခံစားခွင့်များရရှိမည်ဖြစ်ပါကြောင်း၊ စစ်မှန်၍စည်းကမ်း ပြည့်ဝသည့် ဒီမိုကရေစီဖြစ်ပေါ်လာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုဖြစ်ပေါ်လာစေရေး ဦးတည်ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်းဖြင့် မှာကြားခဲ့ကြောင်း  သိရသည်။

(သတင်းစဉ်)