ထားဝယ် ဒီဇင်ဘာ ၂
ဖောင်းတောရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရန် အတွက် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပန်းသိင်္ဂီစွမ်းအင်ကုမ္ပဏီ လီမိတက်တို့အကြား တည်ဆောက်၊ လုပ်ကိုင်၊ လွှဲပြောင်းခြင်းဆိုင်ရာ သဘောတူစာချုပ် (B.O.T) လက်မှတ်ရေးထိုးချုပ် ဆိုသည့် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ဖောင်းတောရေအား လျှပ်စစ်ဓာတ်အား သည် ယခင်က လုပ်ငန်းဆောင်ရွက်ရန်လျာထားသော်လည်း အကြောင်းအမျိုးမျိုးကြောင့် လုပ်ကိုင် ဆောင်ရွက်ရန် အခွင့်အလမ်းများ နှောင့်နှေးခဲ့ရကြောင်း၊ ယခုအခါတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့က ဖောင်းတော ရေအားလျှပ်စစ်ဓာတ်ရရှိရေး ကြိုးစားဆောင်ရွက်ခဲ့သောကြောင့် (B.O.T) စာချုပ် လက်မှတ်ရေးထိုးနိုင်သည့်အဆင့်သို့ ရောက်ရှိခဲ့ကြောင်း၊ လျှပ်စစ်ဓာတ်အား ရရှိပါက တိုင်းဒေသကြီး အတွင်း အရွေ့တစ်ခု (သို့မဟုတ်) အကျိုးကျေးဇူးများခံစားရမည်ဖြစ်ကြောင်း၊ အဆိုပါစီမံကိန်း ပြီးစီးပါက ထားဝယ်ခရိုင်အတွင်း ဓာတ်အားခတစ်ယူနစ်(၂၀၀)ကျော်ဖြင့် သုံးစွဲလာနိုင်မည် ဖြစ်သောကြောင့် စက်မှုလက်မှုလုပ်ငန်းများ ထွန်းကားလာနိုင်ကြောင်း၊ (B.O.T) စာချုပ် ချုပ်ဆိုနိုင်ခြင်း သည် တိုင်းဒေသကြီးအတွက် တန်းဖိုးဖြတ်မရသောကိစ္စရပ်ဖြစ်ပြီး ပြည်သူ့လူထုကိုယ်စား ဝမ်းသာဂုဏ်ယူရပါကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီး ဦးခင်မောင်မြင့်က ဖောင်းတော ရေအားလျှပ်စစ် စက်ရုံ အဆင့်မြှင့် တင်ရေးနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး ပန်းသိင်္ဂီစွမ်းအင်ကုမ္ပဏီလီမိတက် က ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြကာ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပန်းသိင်္ဂီစွမ်းအင်ကုမ္ပဏီ လီမိတက်တို့အကြား တည်ဆောက်၊ လုပ်ကိုင်၊ လွှဲပြောင်းခြင်း ဆိုင်ရာသဘောတူ စာချုပ် (B.O.T) လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)