နေပြည်တော်  ဒီဇင်ဘာ ၂

 

စားသုံးဆီအရည်အသွေးစစ်ဆေးခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျန်းမာရေးဝန်ကြီးဌာန၌ ကျင်းပသည်။

 

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဦးအောင်နိုင်ဦး၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဦးမြင့်စိုး၊ ဦးညွန့်အောင်၊ ဒေါက်တာအေးထွန်း၊ အမြဲတမ်းအတွင်း ဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊  ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ စားသုံးဆီ ထုတ်လုပ်ရောင်းချသူများအသင်းမှ ဥက္ကဌနှင့် တာဝန်ရှိသူများ၊ အသေးစားနှင့်အလတ်စား စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ဥက္ကဌ(နေပြည်တော်ကောင်စီ)နှင့် တာဝန်ရှိသူများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြသည်။

 

ဦးစွာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြည်တွင်းစားသုံးဆီ လိုအပ်ချက်အနေဖြင့် တစ်နှစ်လျှင် ပျှမ်းမျှတန်ချိန် တစ်သန်းခန့် လိုအပ်ချက်ရှိပြီး ပြည်တွင်း ထုတ်လုပ်မှုမှ လုံလောက်အောင် ဖြည့်ဆည်းပေးနိုင်ခြင်း မရှိသေးသည့်အတွက် လိုအပ်သည့်ပမာဏကို ပြည်ပမှ မှာယူတင်သွင်းနေရဆဲဖြစ်ကြောင်း၊ စားသုံးဆီများကို စံချိန်စံညွှန်းနှင့်အညီ တင်သွင်း/ ထုတ်လုပ်နိုင်မှသာ ကျန်းမာရေးနှင့်ညီညွတ်ပြီး အရည်အသွေးကောင်းမွန်သည့် စားသုံးဆီများ ဖြစ်သည်ဟု အာမခံချက်ပေးနိုင်မည်ဖြစ်ကြောင်း၊ စားသုံးဆီအရည်အသွေး ဓာတ်ခွဲ စမ်းသပ်စစ်ဆေး မှုများ၊ စမ်းသပ်မှုနည်းစနစ်များ၊ စံချိန်စံညွှန်းများနှင့်အညီဖြစ်စေရေးအတွက် ဓာတ်ခွဲခန်းဝန်ထမ်း များအား သင်တန်းပို့ချမည်ဖြစ်၍ များစွာကြိုဆိုပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် စားသုံးဆီ၏ ပင်ကိုယ်သဘာဝစစ်မှန်မှုနှင့် အရည်အသွေးစစ်ဆေးခြင်းကို  အဓိကပြုလုပ်ပေးလျက်ရှိပြီး ယခုသင်တန်းတွင် စားသုံးဆီ၏ ပင်ကိုယ်သဘာဝစစ်မှန်မှုကို အဓိကထား သင်ကြားပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ခင်ဇော်တို့က အရည်အသွေး ကောင်းမွန်သည့် စားသုံးဆီများထုတ်လုပ်ရေးနှင့် သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြသည်။

 

ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ဦးဆောင်၍ ဆောင် ရွက်သည့် စားသုံးဆီအရည်အသွေးစစ်ဆေးခြင်းဆိုင်ရာသင်တန်းကို ဒီဇင်ဘာ ၅ ရက်မှ ၉ ရက်အထိ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ(ရန်ကုန်)တွင် ကျင်းပသွားမည်ဖြစ်ပြီး သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ အစားအသောက်စစ်ဆေးမှုဆိုင်ရာ ဓာတ်ခွဲခန်းများနှင့် ပုဂ္ဂလိက ဓာတ်ခွဲခန်းများဖြစ်သည့်   UMFCCI နှင့် Myanmar Food Laboratory Network အောက်ရှိ အစားအသောက် စစ်ဆေးသည့် ဓာတ်ခွဲခန်းများမှ သင်တန်းသား/သူ(၄၀) တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)