တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်ပစ္စည်း၊ လူသုံးကုန်ပစ္စည်းနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် ဒီဇင်ဘာ ၅

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၃ ရက်တွင် ကရင်ပြည်နယ်၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ရှောင်တခင် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြဝတီမြို့၊ အာရှလမ်းမပေါ်ရှိ၊ အေးသုခကျေးရွာ၊ PTT ဆီဆိုင်အနီး၌ မော်တော်ယာဉ်(၃)စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် စားသုံးဆီ (၁၅,၃၀၀)လီတာ အပါအဝင် စားသောက်ကုန်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၇,၇၅၅,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင် လာသော မော်တော်ယာဉ်(၃)စီးနှင့် နောက်တွဲယာဉ်(၁)တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၄,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၁,၇၅၅,၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ယင်းအပြင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ တာဝန်ကျစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ခရီးသည်ဝန်စည်များနှင့်အတူ ရောနှော တင်ဆောင်လာသော တင်သွင်းခွင့် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိသည့် အမေရိကန်နိုင်ငံထုတ် Nature’s  Tea (၁၉)ဗူး အပါအ၀င် ကုန်ပစ္စည်း(၃)မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂,၈၀၀,၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

အလားတူ ဒီဇင်ဘာ ၄ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မွန်ပြည်နယ်၊ မရမ်းချောင်၊ အမြဲတမ်းစစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့ ‌မောင်းနှင်လာသော မော်တော်ယာဉ်(၁)စီးပေါ်၌ သွင်းကုန်ကြေညာလွှာ (ID)တွင် ကြေညာထားခြင်းမရှိသည့် စက်ဘီး(အဟောင်း) အစီး (၅၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၂၆၀,၀၀၀)နှင့် အဆိုပါစက်ဘီးများ တင်ဆောင်လာသည့် Mitsubishi Canter အမျိုးအစား မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅,၀၀၀,၀၀၀)၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆,၂၆၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

၎င်းအပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံ ခန့်ခွဲမှုဖြင့် သစ်တောဦးစီးဌာန ဦးဆောင်‌သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက် ခဲ့ရာ ဘုတလင်မြို့နယ်၊ မုံရွာ-ရေဦးကားလမ်းမဘေး၊ အင်းတဲကျေးရွာလမ်းခွဲ၌ တရားမဝင် သစ်မျိုးစုံ (၃ ဒသမ ၃၄၁၆)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၈၆,၄၄၄)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေ နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဒီဇင်ဘာ ၅ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင်နှင့် ညောင်လေးပင်ခရိုင်တို့အတွင်း တရားမဝင် သစ်မျိုးစုံ (၃ ဒသမ ၉၀၀၀)တန်(ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၅,၉၆၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တော ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဒီဇင်ဘာ ၃ ရက်၊ ၄ ရက်နှင့် ၅ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၅)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၂,၃၀၇,၄၀၄) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်