ရန်ကုန် ၁၁  ဖေဖော်ဝါရီ 

 

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ယနေ့နံနက် ၁၀ နာရီက ဒဂုံမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်ဦးရေ ၁၂၂ ဦးအနက် ၁၁၁ ဦး တက်ရောက်ခဲ့ကြသည်။

 

အစည်းအဝေးတွင် ကွမ်းခြံကုန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ဦးမန်းအောင်ကိုမင်းက ကွမ်းခြံကုန်းမြို့နယ်ရှိ ဥပဒေရုံးသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အနောက်ဘက်တွင် တည်ရှိနေသောကြောင့် ဥပဒေရုံးပြောင်းရွှေ့ဆောက်လုပ်ရန် အစီအစဉ်ရှိ/မရှိ အစီအစဉ်မရှိပါက အဘယ်ကြောင့်ဖြစ်သည်ကို သိရှိလိုကြောင်းမေးခွန်းကို မေးမြန်းခဲ့သည်။ 

 

_DSC36

 

အဆိုပါမေးခွန်းနှင့် စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဒေါ်ခင်မျိုးကြည်က “ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ရုံးသည် ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ လမ်းညွှန်းချက်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်များနှင့်အညီ မိမိ၏ ကြီးကြပ်မှုအောက်ရှိ ဥပဒေရုံးအသီးသီးကို ဥပဓိရုပ်ကောင်းမွန်အောင် ပြုပြင်ခြင်း၊ အသစ်ဆောက်လုပ်ခြင်း လုပ်ငန်းများကို ခွင့်ပြုရန်ပုံငွေ ရရှိမှုအခြေအနေပေါ်မူတည်ပြီး စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ရန်ကုန်တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ် ဥပဒေရုံးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနပိုင် မြေပေါ်မှာ ၁ ရက် ၈ လ ၁၉၉၀ခုနှစ်က စတင်ဆောက်လုပ်ခဲ့ရာ (၂၉)နှစ် ရှိပြီးဖြစ်ကြောင်း၊ မြို့နယ်တရားရုံးသည်လည်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနပိုင် ရုံးအတွင်း၌ မြို့နယ်ဥပဒေရုံးနှင့် အတူ နီးကပ်စွာ တည်ရှိသဖြင့် ဥပဒေရုံးနှင့် တရားရုံးတို့၏ လုပ်ငန်းသဘောအရ တရားရုံးရှိတဲ့နေရာမှာဘဲ ဥပဒေရုံးက အတူတွဲပြီး လုပ်ငန်းများဆောင်ရွက်ရာတွင်  တရားရုံးကို လာရောက်သည့် တရားစွဲအဖွဲ့အစည်းများနှင့် ပြည်သူများအနေဖြင့် သွားရေလာရေး အဆင်ပြေလျက်ရှိကြောင်း၊ မြို့နယ်တရားရုံးနှင့် ဥပဒေရုံးတို့ နီးကပ်စွာ မရှိဘဲ တစ်နေရာစီရှိနေမယ်ဆိုပါက တရားစွဲအဖွဲ့အစည်းများနှင့် ပြည်သူများ သွားလာရေး အဆင်မပြေ ဖြစ်မည်ဖြစ်ကြောင်း၊ လတ်တလောတွင် ပြောင်းရွှေ့ရန် အစီအစဉ်မရှိပါကြောင်း၊ မြို့နယ်တရားရုံး ပြောင်းရွေ့ဆောက်လုပ်သည့်အခါ မြို့နယ်ဥပဒေရုံးအတွက် ရရှိထားသော မြေပေါ်တွင် ရုံးဆောက်လုပ်နိုင်ရေးအတွက် အစိုးရအဖွဲ့ထံ ရန်ပုံငွေ တောင်းခံပြီးတော့ ပြောင်းရွှေ့ဆောက်လုပ်ဖို့ စီစဉ်ဆောင်ရွက်ထားကြောင်း” ပြန်လည်ဖြေကြားခဲ့သည်။

 

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ဖေဖော်ဝါရီ ၁၄ ရက်နေ့ နံနက် ၁၀ နာရီတွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

နိုင်လင်းကျော်(ဒလ)

 

_DSC36