မြစ်ကြီးနား ဒီဇင်ဘာ ၆

 

ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကလေးအလုပ်သမား ပပျောက်ရေး လုပ်ငန်းကော်မတီ၊ ပြည်နယ်အဆင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးဆပ်ကော်မတီနှင့် အလုပ်သမား ညွှန်ကြားမှုူ ဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ပိုက်ပြင်ပိုက်ဆက်သင်တန်း (၁/၂၀၂၂) သင်တန်းဖွင့်ပွဲကို ဒီဇင်ဘာ ၆ ရက် နံနက်ပိုင်းက မြစ်ကြီးနားမြို့၊ ပြည်သူ့အားကစားကွင်း၊ မိုးလုံလေလုံအားကစားခန်းမ၌ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်တို့ တက်ရောက်အားပေးကြသည်။

 

သင်တန်းဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က “သင်တန်းသားများအနေဖြင့် မည်သည့်ပညာရပ်ကိုမဆို ကြိုးစားလေ့လာသင်ယူပြီး လက်တွေ့နယ်ပယ်တွင်လည်း သက်မွေးပညာရပ်ဖြင့် အလုပ်အကိုင် အခွင့်အလမ်းများရရှိလာမည်ဖြစ်ကြောင်း” အမှာစကား ပြောကြားပြီး အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်က “သင်တန်းဆင်းများကို အလုပ်ခန့်ထားပေးခြင်းဖြင့် မိသားစုဝင်ငွေရရှိစေရန်၊ လူမှုစီးပွားဘဝတိုးတက်စေရန် ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့အပြင် သက်မွေးပညာများကို အလေးထား သင်ယူမှတ်သားပြီး ကျွမ်းကျင်မှုများကို စစ်ဆေးအကဲဖြတ်မှုခံယူ၍ ကျွမ်းကျင်မှုအသိ အမှတ်ပြုလက်မှတ်များရယူနိုင်ရေး ချိတ်ဆက်ဆောင်ရွက်ကြရန်လိုကြောင်း” ပြောကြားသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်းဆရာများ၊ သင်တန်းသား ၂၀ နှင့်အတူ မှတ်တမ်းတင် စုပေါင်းဓာတ်ပုံရိုက်ကူးကြပြီး သင်တန်းသားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ် ဆက်သည်။

 

အလားတူ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်စီးပွားရေးရာဝန်ကြီး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့၊ ရွှေညောင်ပင်ရပ်ကွက်ရှိ ပိုင်ရှင် ဦးကျော်မြင့်၏ အသေးစား အိမ်တွင်းမှု ရက်ကန်းစက်ရုံ၌ စက်ရက်ကန်းနှင့် လက်ရက်ကန်းခုံများဖြင့် ရိုးရာ အဝတ်အထည်များ ရက်လုပ်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဈေးကွက်တင်ပို့ရောင်းချမှု အခြေအနေနှင့် ရင်းနှီးမြှုပ်နှံ ဆောင်ရွက်နေမှုအခြေအနေတို့ကို မေးမြန်းဆွေးနွေးကာ ပြည်နယ်ဝန်ကြီးချုပ်က ကုန်ထုတ်လုပ်မှုများ တိုးတက်မြှင့်မားရေး လိုအပ်သည်များ ပံ့ပိုးကူညီ ဆောင်ရွက်ပေးနိုင်ရေး ဌာနဆိုင်ရာများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

 

ပြည်နယ်(ပြန်/ဆက်)