ပဲခူး ဒီဇင်ဘာ ၇
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် ငှက်ပျောပင်မှ ထွက်ရှိသော ပစ္စည်းများဖြင့် လူသုံးကုန်ပစ္စည်းထုတ်လုပ်ခြင်း သင်တန်းဖွင့်ပွဲကို ပဲခူးမြို့နယ်၊ ရွာသစ်ကျေးရွာ၌ ဒီဇင်ဘာ ၆ ရက်က ကျင်းပခဲ့ရာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်အမှာစကား ပြောကြားခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် ပဲခူးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းအတွက် လိုအပ်သည့် သင်ထောက်ကူပစ္စည်းများနှင့် မြစိမ်းရောင်စီမံကိန်းအတွက် ငွေကျပ်သိန်း ၃၀၀ ကို ထောက်ပံ့ပေးအပ်ကာ ငှက်ပျောပင်မှထွက်ရှိသည့် ပစ္စည်းများဖြင့် လူသုံးကုန်ပစ္စည်း ထုတ်လုပ်ခြင်း လက်တွေ့သင်ကြားနေမှု၊ ငှက်ပျောပင်၊ ငှက်ပျောရွက်၊ အင်ရွက်၊ စလူရွက်နှင့် ကွမ်းပင်အဖတ်များဖြင့် လူသုံးကုန်ပစ္စည်းအမျိုးမျိုး ထုတ်လုပ်ထားရှိမှုနှင့် အခြေခံ စက်ချုပ် သင်တန်းတို့ကို ကြည့်ရှုအားပေးသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့နယ်၊ ကင်းချောင်းကျေးရွာအုပ်စု၌ ဆောင်းပဲတီစိမ်း စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုနှင့် နွေစပါးစိုက်ပျိုး ရေရရှိရေးအတွက် ဇောင်းတူ ရေပေးမြောင်း DY-1 နှင့် ဇောင်းတူမြောင်းမကြီး သဲနုန်းတူး ဖော်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည့်သွင်းအားစုများ ထောက်ပံ့ပေးမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်