ဘားအံ ဒီဇင်ဘာ ၈
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြည်နယ်တရားလွှတ်တော်ရုံးသစ် ဆောက်လုပ်မည့်မြေနေရာနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဘားအံမြို့၊ အမှတ်(၁)ရပ်ကွက်၊ အကွက်အမှတ်(၁၅) သရက်တောတောင် အကွက်၊ ဦးပိုင်အမှတ် ၁/ခ၊ မြန်မာ့စီးပွားရေးဘဏ်ရှေ့၊ ယခင်စာပုံနှိပ်တိုက်ဟောင်းနေရာ၌ တရားလွှတ်တော် အင်္ဂါရပ်များနှင့်အညီ ခန့်ညားထည်ဝါသည့် ပြည်နယ်တရားလွှတ်တော်ရုံး သစ်တည်ဆောက်နိုင်ရေး ကြည့်ရှုစစ်ဆေးပြီး အဆိုပါ ပုံနှိပ်တိုက်ဟောင်း အဆောက်အဦ နေရာတွင် တစ်ပတ်တစ်ကြိမ်ထုတ်ဝေသော တိုင်းရင်းသားဘာသာသတင်းစာလုပ်ငန်းရုံးမှ ဘာသာပြန်အယ်ဒီတာချုပ်၊ စာတည်းမှူးများနှင့် ဘာသာပြန်များအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများ ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဘားအံမြို့၊အမှတ်(၂) ရပ်ကွက်၊ ဆင်းဧကရီလမ်းသွယ် မြေနိမ့်ပိုင်းတွင် ရေစီးရေလာကောင်းမွန်ရေး၊ ရေထုတ် မြောင်းများ စနစ်တကျ ထည့်သွင်းဆောင်ရွက်ပေးနိုင်ရေး၊ သီရိမဇ္ဇျူလမ်းအား ယခင် ကတ္တရာလမ်းမှ ကွန်ကရစ်ထပ်ပိုးလွှာခင်းနိုင်ရေး ကြည့်ရှုစစ်ဆေးရာ ပြည်နယ်စည်ပင်သာ ယာရေးအဖွဲ့ညွှန်ကြားရေးမှူး သူရမြင့်သူ နှင့်တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များလမ်းညွှန်မှာကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဘားအံမြို့၊ အမှတ်(၃) ရပ်ကွက်၊ ကမ်းနားလမ်း ညဈေးတန်းနေရာအနီး သံလွင်မြစ်အတွင်း၌ ကရင်သက္ကရာဇ် (၂၇၆၂)ခုနှစ် ကရင်နှစ်သစ်ကူးနေ့အထိမ်းအမှတ် လှေလှော်ပြိုင်ပွဲ ကျင်းပနိုင်ရေး ပြိုင်ပွဲတွင် အသုံးပြုမည့် နဂါးလှေများနှင့် ရိုးရာလှေများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)