ပူတာအို  ဒီဇင်ဘာ ၈

 

ကချင်ပြည်နယ် အစိုးရအဖွဲ့  ကလေးအလုပ်သမားပပျောက်ရေး လုပ်ငန်း ကော်မတီ၊ ပြည်နယ်အဆင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး ဆပ်ကော်မတီနှင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံဂဟေဆက် သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့တွင် ကချင်ပြည်နယ်၊ ပူတာအိုမြို့၊ Beulah Land လူမှုကူညီရေးအသင်း၊ သင်တန်းခန်းမ၌ ကျင်းပသည်။ 

 

ဦးစွာ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်က ပူတာအိုမြို့တွင် ယနေ့ဖွင့်လှစ်သည့် အခြေခံဂဟေဆက်သင်တန်းကို သင်တန်းသား (၂၂) ဦးဖြင့် ဒီဇင်ဘာ ၃၀ ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်နှင့် လုပ်ခလစာရရှိပြီး မိသားစုဝင်ငွေတိုးတက်၍ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းတွင် အလေးထား သင်ယူ မှတ်သားပြီး လုပ်ငန်းခွင်တွင် ထိရောက်စွာ အသုံးပြု၍ မိသားစုဝင်ငွေရရှိရေး ကြိုးပမ်း ဆောင်ရွက်စေလိုကြောင်း၊ လုပ်သားဈေးကွက် လိုအပ်ချက်နှင့်ကိုက်ညီသော အသက်မွေး ဝမ်းကျောင်းဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းများ ဖွင့်လှစ်ပေးခြင်းအားဖြင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာ အထောက်အပံ့ ဖြစ်စေကြောင်း။ 

 

မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု “စံ" သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့မှ  ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကျွမ်းကျင်လုပ်သား ၅၀၀၀ ကို အသိအမှတ်ပြုလက်မှတ် ထုတ်ပေးရန် စစ်ဆေးအကဲဖြတ်ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာလထိ လုပ်သားအင်အား ၃၂၀၀ ကျော် စစ်ဆေးအကဲဖြတ်နိုင်ခဲ့ကြောင်း။

 

ပူတာအိုမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် အိမ်တွင်းလျှပ်စစ် သွယ်တန်းခြင်း သင်တန်းနှင့် တစ်လုံးထိုးဒီဇယ်အင်ဂျင်သင်တန်းတို့ ဖွင့်လှစ်ပို့ ချခဲ့ပြီးဖြစ်၍ ယခုသင်တန်းမှ သင်တန်းဆင်းများအပါအဝင် သတ်မှတ်ချက်နှင့်ကိုက်ညီသည့် လုပ်သား များအနေဖြင့် မိမိတို့၏ ကျွမ်းကျင်မှုများကို စစ်ဆေးအကဲဖြတ်မှုခံယူ၍ ကျွမ်းကျင်မှုအသိ အမှတ်ပြုလက်မှတ်များရယူနိုင်ရေး ဦးစီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ရန်  မှာကြားသည်။

 

အဆိုပါအခမ်းအနားသို့ ပူတာအိုခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင် ဦးစီးမှူးနှင့်  ခရိုင်ရဲတပ်ဖွဲ့မှူး၊ ဌာနဆိုင်ရာ အသီးသီးမှ ဝန်ထမ်းများနှင့် သင်တန်းသားများ အပါအဝင် စုစုပေါင်း (၇၀)ခန့် တက်ရောက်ကြသည်။ 

 

(သတင်းစဉ်)