နေပြည်တော်၊ ဒီဇင်ဘာ ၈
ပြင်ဦးလွင်မြို့နယ်နှင့် နောင်ချိုမြို့တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၇ ရက် နံနက် ၁၁ နာရီတွင် ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၂)၊ သုမင်္ဂလာဈေးအနီးတွင် စိုးမောင် (ခ) စောချန်း မောင်းနှင်လာသော ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ ဘိန်းဖြူ သုညဒသမ ၀၀၅ ကီလို သိမ်းဆည်းရမိခဲ့သည်။ ဆက်လက်စစ်ဆေး ပေါ်ပေါက်ချက်အရ မွန်းတည့် ၁၂ နာရီတွင် ပြင်ဦးလွင်မြို့နယ်၊ နောင်ခမ်းကြီးကျေးရွာရှိ ၎င်း၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၁၇၀ နှင့် ဘိန်းဖြူ သုည ဒသမ ၀၈၄ ကီလိုတို့ကိုထပ်မံ သိမ်းဆည်းရမိခဲ့သည်။
အလားတူ ဒီဇင်ဘာ ၆ ရက် နံနက် ၁၀ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နောင်ချိုမြို့၊ ပါဟက်ရပ်ကွက်ရှိ မူဆယ် - မန္တလေးသွား ကားလမ်းတွင် နိုင်လင်းအောင် မောင်းနှင်ပြီး မထက်ထက်ဝေ လိုက်ပါလာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၈,၀၀၀ ကိုလည်းကောင်း၊ ဒီဇင်ဘာ ၇ ရက် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နောင်ချိုမြို့၊ ပါဟက်ရပ်ကွက်ရှိ မူဆယ်-မန္တလေးသွားကားလမ်းတွင် မသန်းသန်းဦး မောင်းနှင်ပြီး မနှင်းနှင်းဦး လိုက်ပါလာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၃၃ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ တို့ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
သတင်းစဉ်