နေပြည်တော် ဒီဇင်ဘာ ၈

 

(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မုဒုံမြို့ ကန်ကြီးကန်ပတ် ကတ္တရာလမ်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ယင်းကန်ပတ်လမ်း၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်သူများ ကျန်းမာရေးအတွက် လေ့ကျင့်ခန်း ပြုလုပ်ခြင်းနှင့် အပန်းဖြေအနားယူခြင်းများ ကန်ပတ်လမ်းတစ်လျှောက် လုပ်ဆောင်နိုင်ရန် ရည်ရွယ်စီစဉ် ဆောင်ရွက်ထားပါကြောင်း၊ လမ်းရေရှည်တည်တံ့ရေး နှင့် လမ်းဘေး ဝဲ၊ ယာ သန့်ရှင်းသာယာလှပရေး ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ကန်ကြီးကန်ပတ် ကတ္တရာလမ်း အရှည်ပေ (၁၅၀၀)နှင့် ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် မြို့နေဒေသခံတစ်ဦးက ကျေးဇူးတင်ဝမ်းမြောက်စကား ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကန်ကြီးကန်ပတ် ကတ္တရာလမ်းကို ဖဲကြိုးဖြတ် ဖွင့်လှစ်၍ လမ်းအား လှည့်လည်ကြည့်ရှုကြသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ငါးသယံဇာတများ တိုးပွားလာစေရန်နှင့် ငါးမျိုးစိတ်များ ပြုန်းတီးမှု မဖြစ်ပေါ်စေရန် ရည်ရွယ်၍ သထုံ ငါးသားဖောက်စခန်းမှ သားဖောက်ထားသည့် ငါးမြစ်ချင်း ငါးသားပေါက်ကောင်ရေ (၁၀၀၀၀၀) ကျော်အား ကန်ကြီးကန်အတွင်းသို့ ငါးမျိုးစိုက်ထည့်ကြကြောင်းသိရသည်။

 

သတင်းစဉ်

 

mdn