ခန္ဓာကိုယ်အတွက်လိုအပ်သော အာဟာရဓာတ် ခြောက်မျိုးတွင် အဆီဓာတ်လည်း ပါဝင်သည်။ သီးနှံများဖြစ်သည့် ပဲ၊ နှမ်း၊ နေကြာ စသည်တို့မှရရှိသော ဆီအမျိုးမျိုးနှင့် ဝက်၊ အမဲ စသည့် တိရစ္ဆာန်အဆီများမှရရှိသော အဆီဓာတ်သည် အင်အားဖြစ်စေသော အဆီအုပ်စုတွင်ပါဝင်သည်။ သို့ရာတွင် လိုအပ်သည့် ပမာဏထက်ပို၍ စားသုံးနေမည်ဆိုပါက အင်အားဓာတ်လွန်ကဲလာစေပြီး ကိုယ်အလေးချိန် တိုးလာမည်ဖြစ်သည့်အပြင် ရေရှည်တွင် နှလုံးသွေးကြောကျဉ်း၊ သွေးတိုး၊ ဆီးချို၊ အသည်းအဆီဖုံး၊  အဝလွန်၊  အဆစ်ရောင် စသည့်ရောဂါများ ဝင်ရောက်လာမည်ဖြစ်သည်။

 

မိမိတို့ နေ့စဉ်စားသုံးနေကြသည့် အစားအစာများထဲတွင် လူ့ခန္ဓာကိုယ်အတွင်းရှိ ကောင်းသော ကိုလက်စထရောကို မြှင့်တင်ပေးပြီး မကောင်းသော ကိုလက်စထရောကို လျော့နည်းစေသည့် မိုနို မပြည့်ဝဆီများ၊ ယင်းကိုလက်စထရော နှစ်မျိုးစလုံးကို လျော့နည်းစေသည့်  ပိုလီမပြည့်ဝဆီများ၊ ကိုလက်စထရောနှစ်မျိုးစလုံးကို မြင့်တက်စေသည့် ပြည့်ဝဆီများနှင့် အသွင်ပြောင်းဆီများ ပါဝင်လျက်ရှိသည်။ မြေပဲဆီ၊ ထောပတ်သီးဆီ၊ သံလွင်ဆီ၊ နေကြာဆီ၊ နှမ်းဆီ စသည့်သီးနှံတို့မှရရှိသော မပြည့်ဝဆီတို့ကို  ကျန်းမာရေးအရ သင့်တင့်စွာ စားသုံးရန်၊  စားအုန်းဆီနှင့် အမဲဆီ၊ ဝက်ဆီ စသော ပြည့်ဝဆီတို့ကို တတ်နိုင်သမျှ    လျှော့စားရန်နှင့် အာလူးကြော်၊ ကြက်ကြော်၊ စမူဆာ၊ ပဲကပ်ကြော်  အစရှိသော ဆီကြော်မုန့်များတွင် ပါဝင်နေသည့် အသွင်ပြောင်းဆီများကို တတ်နိုင်လျှင် လုံးဝမစားရန် ကျန်းမာရေးပညာရှင်တို့က   တိုက်တွန်းထားသည်။

 

အသွင်ပြောင်းဆီဆိုသည်မှာ မူလကမပြည့်ဝဆီများပင် ဖြစ်စေကာမူ  တာရှည်အပူပေးခြင်း၊ ပြန်ကြော်ဆီများအဖြစ် ထပ်တလဲလဲ အသုံးပြုခြင်းဖြင့် အသွင်ပြောင်းဆီအဖြစ်သို့ ရောက်ရှိသွားပြီး နှလုံးသွေးကြောဆိုင်ရာရောဂါမှသည် ကင်ဆာရောဂါအထိ ဖြစ်နိုင်ခြင်းကြောင့် အသွင်ပြောင်းဆီကို မစားကြရန် တိုက်တွန်းနှိုးဆော်မှုများ ပြုနေကြခြင်းဖြစ် သော်လည်း လူအများကြိုက်နှစ်သက်စွာ နေ့စဉ်ဝယ်ယူစားသုံးနေကြသည့် အစားအစာများမှာ ပြန်ကြော်ဆီ၊ အသွင်ပြောင်းဆီ အစားအစာများဖြစ်နေကြသည်။  သို့ဖြစ်ရာ နေ့စဉ်အိမ်တွင် ချက်ပြုတ်စားသောက်နေသည့် ဟင်းလျာများနှင့် ဆိုင်မှဝယ်ယူစားသုံးနေကြသည့်   အစားအစာများတွင် ပါဝင်နေသည့် ဆီပမာဏတို့ကို မိမိတို့၏  ကျန်းမာရေးအတွက် သတိပြု၍ ချင့်ချိန်စားသုံးကြရန်  လိုအပ်လာသည်။ ထို့အပြင် မိမိတို့ဝယ်ယူချက်ပြုတ်စားသုံးနေကြသည့် ဆီများ၏ အရည် အသွေးတို့ကိုလည်း အန္တရာယ်ကင်းအောင် ဂရုတစိုက် စိစစ်ရွေးချယ်ရန်လည်း လိုအပ်လာသည်။

 

မြန်မာတို့ ဆီစားသုံးမှုများပြားနေခြင်းကြောင့် ဆီစားသုံးမှု လျှော့ကြရန် အစိုးရအဆက်ဆက် တိုက်တွန်းခဲ့ကြခြင်းမှာ ပြည်ပမှ အမြောက်အမြား ဝယ်ယူတင်သွင်းနေရခြင်းကြောင့် ဖြစ်သလို ကျန်းမာရေးဘက်တွင်လည်း ဝန်ထုပ်ဝန်ပိုး လျော့စေခြင်းငှာ   ဖြစ်သည်။ လူတစ်ဦးချင်းအနေဖြင့်ဆိုလျှင်လည်း လိုသည်ထက်ပို၍  စားသုံးမိနေသော ဆီပမာဏကို လျှော့ချစားသုံးမည်ဆိုပါက  ငွေကုန်ကြေးကျသက်သာလာ မည်ဖြစ်သည့်အပြင် ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများဖြစ်ပေါ်လာနိုင်သည့် အလားအလာကို လျော့ကျသွားစေမည်ဖြစ်သည်။ စွဲမြဲနေသည့် အမူအကျင့်၊ အလေ့အထတို့မှာ ပြုပြင်ရန် ခဲယဉ်း ကြသော်လည်း ရောဂါအန္တရာယ်နှင့် အသက်ဘေးတို့အထိ ဆိုက်ဆိုက်မြိုက်မြိုက် ကြုံတွေ့လာရသည့်အခါတွင်မူ မဖြစ်မနေပြုပြင်ကြရသည်ဖြစ်ရာ ကျန်းမာရေးနှင့် ညီညွတ်သည့် ဆီစားသုံးမှု  ပုံသဏ္ဌာန်သို့ ပြောင်းလဲစားသုံးကြခြင်းဖြင့် မိသားစုကျန်းမာ၊ စရိတ်ကုန်ကျမှုသက်သာသည့် နှစ်ဖြာသောအကျိုးတို့ ရရှိကြပါစေကြောင်း။