ရန်ကုန် ဒီဇင်ဘာ ၁၃

 

နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများ တစ်ပြေးညီဖြစ်စေရေး ဗဟိုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် ရန်ကုန်တိုင်းဒေသကြီး ကြီးကြပ်ရေးအဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း လမ်းပိုင်း နေရာများသို့ ကွင်းဆင်းစစ်ဆေးခြင်း၊ Road Audit ပြုလုပ်မှုများအပေါ် သုံးသပ်လေ့လာခြင်းများ ဆောင်ရွက်ကြသည်။

 

ကွင်းဆင်းစစ်ဆေးရာ၌ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာ ဌာန (လမ်းနှင့်တံတား) ဌာနမှူး ဦးလင်းခိုင်က ရန်ကုန်တိုင်းဒေသကြီး၊ စည်ပင်သာယာရေး နယ်နိမိတ်အတွင်း လမ်းဆုံများတွင် မော်တော်ယာဉ်များ ယာဉ်အန္တရာယ်ကင်းစွာ သွားလာနိုင်ရေး စီမံခန့်ခွဲဆောင်ရွက်ထားရှိမှု၊ လမ်းများတွင် လမ်းညွှန်း၊ လမ်းအမှတ်အသားနှင့် အချက်ပြများကို နည်းဥပဒေ၊ ညွှန်ကြားချက်နှင့်အညီ စိုက်ထူရေးဆွဲ ဆောင်ရွက်ထားရှိမှုများနှင့် ဘတ်စ်ကားများ ခရီးသည်အတင်အချ ပြုလုပ်ရာတွင် အန္တရာယ်ကင်းရှင်းရေး စီမံဆောင်ရွက်ထားမှုကို ရှင်းလင်းတင်ပြသည်။

 

ဆက်လက်၍ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန အင်ဂျင်နီယာမှူးကြီး ဒေါ်ဖြူဖြူဝင်းက ဒဂုံမြို့နယ်၊ ဗဟန်းမြို့နယ်နှင့် ကျောက်တံတားမြို့နယ်တို့အတွင်း နေရာ (၇) နေရာ၌ ယာဉ်တိုက်ခိုက်မှု အန္တရာယ်ရှိနိုင်သည့် မြေပြင်အခြေအနေ၊ လမ်းညွှန်း၊ လမ်းအမှတ်အသားနှင့် အချက်ပြများ ရေးဆွဲစိုက်ထူထားရှိမှု၊ လမ်းဆုံများ၌ စက်ဘီးစီးသူများ ယာဉ်အန္တရာယ်ကင်းစွာ လမ်းဖြတ်ကူးနိုင်ရေး ဆောင်ရွက်ရန် လိုအပ်သည့် အစီအမံ၊ Gantry Road Sign များနှင့် ဘတ်စ်များ ရပ်နားရမည့်နေရာ သတ်မှတ်ချက်များကို နည်းဥပဒေ၊ ညွှန်ကြားချက်နှင့်အညီ တစ်ပြေးညီ ဆောင်ရွက်ထားရှိနိုင်စေရေး ကိစ္စတို့ကို ရှင်းလင်းတင် ပြသည်။ ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ဗဟိုကြီးကြပ်ရေးအဖွဲ့ဥက္ကဌ၊ ကြီးကြပ်ရေး အဖွဲ့ဝင်များက လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများ (၂၀၂၂ ခုနှစ်) ညွှန်ကြားချက်နှင့်အညီ ကိုက်ညီမှုရှိစေရေး ပြင်ဆင်ပြောင်းလဲရန် လိုအပ်သည်များ ဖြည့်စွက် ဆွေးနွေးကြသည်။

 

အဆိုပါ ရန်ကုန်မြို့တော်၊ မြို့နယ် သုံးမြို့နယ်တို့၌ လမ်းပိုင်းဆိုင်ရာ ကွင်းဆင်းစစ်ဆေးချက်အရ ပြုပြင်ဆောင်ရွက်သင့်သည့် အကြံပြုချက်များအား စီမံ ဆောင်ရွက်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ကြီးကြပ်ရေးအဖွဲ့သို့ ပေးပို့သွားမည်ဖြစ်ပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှလည်း ပြဌာန်းထားသည့် နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ မြေပြင်တွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်