နေပြည်တော် ဒီဇင်ဘာ ၁၅

 

မြန်မာနိုင်ငံစာရင်းကောင်စီ နှစ် (၅၀) ပြည့် ရွှေရတုအအထိမ်းအမှတ်အကြို စာတမ်းဖတ်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၁၄ ရက်မှ ၁၅ ရက်အထိ နေပြည်တော်ရှိ ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံး၊ စုပေါင်းခန်းမ၌ ကျင်းပရာ ဒုတိယစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီ ဒုတိယဥက္ကဋ္ဌ(၁) ဒေါ်နိုင်သက်ဦး တက်ရောက်သည်။

 

စာတမ်းဖတ်ပွဲပထမနေ့တွင် မြန်မာနိုင်ငံစာရင်းကောင်စီ ဒုတိယဥက္ကဋ္ဌ (၂) မြန်မာနိုင်ငံ လက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်းဥက္ကဋ္ဌ ဦးဝမ်းတင်က အဖွင့်အမှာစကားသည်။

 

ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်အိအိခိုင်က “နိုင်ငံပိုင်ကဏ္ဍအတွက် နိုင်ငံတကာစာရင်းစံများ (IPSASs) လိုက်နာကျင့်သုံးနိုင်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်မှုများ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခိုင်ဇင်ဝင်း က “စာရင်းပညာရှင်များ မွေးထုတ်ပေးလျက်ရှိသော မြန်မာနိုင်ငံစာရင်း ကောင်စီ၏ ဆောင်ရွက်ချက်များ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဝေမာသန်းဝင်း က “အစိုးရ ရင်းနှီးမြှုပ်နှံမှုတွင် ပါဝင်သည့် ဖက်စပ်ကုမ္ပဏီများနှင့် အစိုးရနှင့် ပုဂ္ဂလိကတို့ နည်းလမ်းအမျိုးမျိုးဖြင့် ပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းများအား စစ်ဆေးသည့် အများပြည်သူသို့ စာရင်းဝန်ဆောင်မှုပေးသည့် လုပ်ငန်းလုပ်ကိုင်သူ (PAPP) များ၏ အခန်းကဏ္ဍ” ခေါင်းစဉ်ဖြင့်လည်းကောင်း စာတမ်းများကို ဖတ်ကြားဆွေးနွေးကြသည်။

 

စာတမ်းဖတ်ပွဲဒုတိယနေ့တွင် မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးမိုးကျော်က “အငယ်စား၊ အလတ်စားအဖွဲ့အစည်းများနှင့် သက်ဆိုင်သော နိုင်ငံတကာဆိုင်ရာ ဘဏ္ဍာရေး အစီရင်ခံခြင်းစံများ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံ လက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်း ဘုတ်အဖွဲ့ဝင် ဒေါ်ခင်ပြည့်ဖြိုးက “မြန်မာနိုင်ငံအတွက် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် လိုက်နာကျင့်သုံး ရန် အငယ်စားစာရင်းဆိုင်ရာမူဘောင် (Micro Accounting Model – MAM)” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Capstone Group Founder ဉီးသူလှိုင်ထွန်းနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန်းခင်အေးမွန် က “The Impact of Digital Transformation for Accountancy Professional in Myanmar and Digitalization Audit in Public Sector” ခေါင်းစဉ်ဖြင့်လည်းကောင်း စာတမ်းများ ဖတ်ကြားဆွေးနွေးကြသည်။

 

ထို့နောက် ဒုတိယစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီ ဒုတိယဉက္ကဋ္ဌ (၁) ဒေါ်နိုင်သက်ဦးက ယခုအခမ်းအနားသည် မြန်မာနိုင်ငံ စာရင်းကောင်စီမှ မွေးထုတ်ပေးခဲ့သည့် အစိုးရနှင့်ပုဂ္ဂလိကဏ္ဍရှိ စာရင်းပညာရှင်များ ပူးပေါင်းဆောင်ရွက်နိုင်မှု သမိုင်းမှတ်တိုင်တစ်ခု ဖြစ်ပါကြောင်း၊ စာတမ်းဖတ်ပွဲမှ ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံးနှင့် အခြားဝန်ကြီးဌာနများ ပူးပေါင်း၍ နိုင်ငံပိုင်ကဏ္ဍတွင် နိုင်ငံတကာစံများ (IPSASs) လိုက်နာကျင့်သုံးရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ မြန်မာနိုင်ငံစာရင်းကောင်စီ၏ စာရင်းပညာရပ်များ ဖွံ့ဖြိုးတိုးတက်စေရေး နိုင်ငံတွင်းနှင့် အာဆီယံဒေသတွင်း ပူးပေါင်းမှုများ၊ နိုင်ငံ၏လိုအပ်ချက်အရ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ လိုက်နာကျင့်သုံးရမည့် ဘဏ္ဍာရေး အစီရင်ခံခြင်းဆိုင်ရာစံနှင့် စာရင်းဆိုင်ရာ မူဘောင်များ၊ စာရင်းပညာရှင်များအပေါ် ဒီဂျစ်တယ် အသွင်ကူးပြောင်းမှု၏ သက်ရောက်မှုများနှင့် IT Audit ဆိုင်ရာများကို လေ့လာသိရှိရသည့်အတွက် စာတမ်းဖတ်ပွဲသို့ တက်ရောက်လာသူများအနေဖြင့် မိမိတို့နှင့် သက်ဆိုင်ရာ နယ်ပယ်အလိုက် ပြန်လည် အသုံးချနိုင်သည့် အကျိုးကျေးဇူးများရရှိမည်ဟု ယုံကြည်ပါကြောင်း၊ မြန်မာနိုင်ငံစာရင်းကောင်စီ အနေဖြင့်လည်း လတ်တလောနှင့် ရှေ့ကာလများတွင် စာရင်းပညာ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်သင့်သည်များကို မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်းတို့ ပူးပေါင်း၍ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ယင်းနောက် မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်အသင်းမှ ဝါရင့် စာရင်းပညာရှင်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် ဌာနဆိုင်ရာအဖွဲ့အစည်းအများမှ အဆင့်မြင့်အရာရှိကြီးများ အပါအဝင် အကဲဖြတ်ဒိုင် (၁၂) ဦးက အကောင်းဆုံးစာတမ်းရှင် (၃) ဦးအား ရွေးချယ်၍ မြန်မာနိုင်ငံစာရင်းကောင်စီ နှစ် (၅၀) ပြည့် ရွှေရတု အအထိမ်းအမှတ် အခမ်းအနားနေ့၌ ဆုချီး မြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်