၁၁  ဖေဖော်ဝါရီ

၂၀၁၉ Hero Gold Cup အိန္ဒိယဖိတ်ခေါ် အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စုဒုတိယနေ့ကို ယနေ့ညနေပိုင်းက အိန္ဒိယနိုင်ငံ၌ ဆက်လက်ကျင်းပရာ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းက အီရန်လက်ရွေးစင် အမျိုးသမီးအသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။

 

မြန်မာအမျိုးသမီးအသင်းသည် နှစ်ပွဲဆက်အနိုင်ရခဲ့သော်လည်း အီရန်အသင်း၏ ရုန်းကန်မှုကြောင့် ခက်ခက်ခဲခဲကစားခဲ့ရသည်။ မြန်မာအမျိုးသမီးအသင်းသည် မိနစ် ၉၀ ပြည့်သည့်အထိ ဂိုးသွင်းနိုင်ခြင်း မရှိသော်လည်း နာကျင်အချိန်ပိုတွင် သွင်းယူသည့်နောက်ကျဂိုးများဖြင့် နိုင်ပွဲဆက်ခဲ့ခြင်းဖြစ်သည်။

 

မြန်မာအမျိုးသမီးအသင်းသည် ပထမပွဲတွင် နီပေါအသင်းကို ဂိုးပြတ်အနိုင်ရခဲ့သည့် ပွဲထွက်လူစာရင်းအတိုင်း ဆက်လက်ယှဉ်ပြိုင်ခဲ့သော်လည်း ခံစစ်ဦးစားပေးကစားခဲ့သည့် အီရန်အသင်း ကစားပုံကြောင့် ဂိုးရရန် ရုန်းကန်ခဲ့ရသည်။ အီရန်အသင်းသည် မြန်မာအသင်းတိုက်စစ်ကို ထိန်းချုပ်နိုင်ရန် စနစ်တကျပြင်ဆင်ခဲ့ပြီး ဂိုးမပေးရရန် ထိန်းကစားနိုင်ခဲ့သည်။

 

မြန်မာအမျိုးသမီးအသင်းသည် ဂိုးရရန်အတွက် ကစားသမားများ အပြောင်းအလဲပြုလုပ်ခဲ့ပြီး လူစားဝင် ကစားသမား ရီရီဦးက ၉၀+၁ မိနစ်တွင် ပထမဂိုး၊ ၉၀+၅ မိနစ်တွင် ဒုတိယဂိုးတို့ သွင်းယူခဲ့သည်။

 

မြန်မာအမျိုးသမီးအသင်းသည် ယခုပွဲအနိုင်ရလဒ်ကြောင့် နှစ်ပွဲနိုင် ခြောက်မှတ်ရထားပြီး ဖေဖော်ဝါရီ ၁၃ ရက်တွင် နောက်ဆုံးပွဲအဖြစ် အိမ်ရှင်အိန္ဒိယအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-MFF