သီတက္ကန်(မြောက်)ကျေးရွာမှ အိုးလုပ်ငန်းလုပ်ကိုင်သူများ ထန်းတက်ရာသီစတင်ချိန် ထန်းမြူအိုးများ အရောင်းသွက်

မိတ္ထီလာ ဒီဇင်ဘာ ၁၈

 

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် သီတက္ကန်(မြောက်)ကျေးရွာမှ အိုးလုပ်ငန်းလုပ်ကိုင်သူများ ထန်းတက်ရာသီစတင်ချိန် ထန်းမြူအိုးများ အရောင်းသွက်၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

 

သီတက္ကန်(မြောက်)ကျေးရွာရှိ အိုးလုပ်ငန်းလုပ်ကိုင်သူများက ထန်းတက်ရာသီချိန်တွင် ထန်းမြူအိုးများကို ရောင်းချနိုင်ရန် ထန်းမြူအိုးများကို နိုဝင်ဘာလမှစတင်၍ ဇန်နဝါရီလအထိ အဓိကလုပ်ကိုင် ရောင်းချလျက်ရှိသည်။ အိုးလုပ်ငန်းလုပ်ကိုင်ရာတွင် မိသားစုများ စုပေါင်း၍ လုပ်ကိုင်ကြပြီး လိုအပ်သော မြေများကို လှည်းတစ်စီး ငွေကျပ် ၄၀၀၀ နှုန်းဖြင့် ဝယ်ယူကာ ရရှိလာသောမြေများကို ကျင်းအတွင်းထည့်၍ ရေလောင်းပြီး နူးနပ်အောင်ထားရသည်။ ၎င်းနောက် ရွှံ့များ နူးနပ်ပါက အမွှေးပါသည့် နွားသားရေပေါ်ပုံပြီး ရွှံ့များစီးသွားအောင် ခြေထောက်ဖြင့် နင်းရပြီးနောက် လုံး၍ အိုးပြင်သည့် လက်လှည့်ပေါ်တင်၍ ပုံကြမ်း ဖော်ခြင်းလုပ်ငန်းကို ဆောင်ရွက်ရသည်။ ရရှိလာသောအိုးကို လက်ခတ်ဖြင့်ရိုက်ပြီး အပွင့်ပုံဖော်ခြင်း လုပ်ငန်းကို ဆက်လက်ဆောင်ရွက်ပြီးနောက် အိုးစိမ်းများကို နေလှန်း၍ အခြောက်ခံရသည်။ ထို့နောက် ရရှိလာသော အခြောက်ခံပြီးအိုးစိမ်းများကို မီးဖုတ်ခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်ရသည်။ ထိုသို့ မီးဖုတ်ခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် တစ်ကြိမ်မီးဖုတ်လျှင် ထန်းမြူအိုး ၆၀၀ မှ ၁၀၀၀ အထိ မီးဖုတ်လျက်ရှိသည်။

 

ထန်းမြူအိုးများကို မိတ္ထီလာ၊ မလှိုင်၊ တောင်သာ၊ မြင်းခြံ မြို့နယ်များမှ အိုးကုန်သည်များက ကျေးရွာအရောက်  တစ်လုံးကို ငွေကျပ် ၂၀၀ နှုန်းဖြင့် ဝယ်ယူလျက်ရှိရာမှ ယခုနှစ် ထန်းတက်ရာသီစတင်ချိန်တွင် ထန်းမြူအိုးများ အရောင်းသွက်၍ အိုးလုပ်ငန်းလုပ်ကိုင်သူများ အဆင်ပြေလျက်ရှိရာ အိုးလုပ်ငန်းကို သီတက္ကန်(မြောက်)ကျေးရွာသာမက အနီးအနား ကျေးရွာများကပါ အိုးလုပ်ငန်းကို လုပ်ကိုင်လျက်ရှိကြောင်း အိုးလုပ်ငန်းလုပ်ကိုင်သူ ဒေါ်ခိုင်ထံမှ သိရသည်။ 

 

သီတက္ကန်(မြောက်)ကျေးရွာတွင် ထန်းမြူအိုးအပြင် သောက်ရေအိုး၊ ဘုရားပန်းအိုး၊ ဆွမ်းလောင်းအိုး၊ ပန်းစိုက်အိုး၊ စလောင်ဖုံး၊ ဆီမီးခွက်များကိုလည်း လုပ်ကိုင်ကြကြောင်း သိရသည်။

 

သိန်းမြင့်ကျော်(မိတ္ထီလာ)