တိုကျို ဒီဇင်ဘာ ၁၉
ဂျပန်နိုင်ငံရှိ နိုင်ငံခြားသားအလုပ်သမားများက အလုပ်သမားသမဂ္ဂအဖွဲ့ကို ယနေ့ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
အဆိုပါသမဂ္ဂအဖွဲ့တွင် နိုင်ငံခြားသားပညာရှင် အလုပ်သမားများနှင့် အချိန်ပိုင်းဝန်ထမ်းများ ပါဝင်သည်။ ၎င်းတို့၏ အလုပ်ရှင်များနှင့် လုပ်ငန်းရေးရာ ကိစ္စရပ်များအပေါ် ညှိနှိုင်းဆွေးနွေးရာတွင် အထောက်အပံ့ တစ်ရပ်ဖြစ်စေရန် အဆိုပါအလုပ်သမားသမဂ္ဂအဖွဲ့ကို ဖွဲ့စည်းခြင်းဖြစ်ကြောင်း သိရသည်။
အလုပ်သမားသမဂ္ဂအဖွဲ့ ဖွဲ့စည်းခြင်းကို မြို့တော်တိုကျို၌ ယနေ့ကျင်းပသည်။လက်ရှိတွင် အဖွဲ့ဝင် ၂၀ ရှိပြီး အများစုမှာ ဗီယက်နမ်နည်းပညာကျွမ်းကျင် ပညာရှင်များနှင့် အချိန်ပိုင်းလုပ်သား ကျောင်းသားများဖြစ်သည်။
ဝန်ထမ်းများနှင့် အလုပ်ရှင်များအကြား ဖြစ်လေ့ရှိသည့် လုပ်အားခပေးချေမှုမရှိခြင်း၊ တစ်ဖက်သတ် အလုပ် ထုတ်ပစ်ခြင်း ကဲ့သို့သော ကိစ္စရပ်များကို ဂျပန်နိုင်ငံရှိ နိုင်ငံခြားသားအလုပ်သမားအများစု ရင်ဆိုင်ကြရသည်။
ကူညီပံ့ပိုးပေး
ယခုအသစ်ဖွဲ့စည်းသည့် အလုပ်သမားသမဂ္ဂအဖွဲ့အား ဂျပန်နိုင်ငံတွင် လာရောက်လုပ်ကိုင်ကြသည့် ဗီယက်နမ် အလုပ်သမားများအား ကူညီထောက်ပံ့ပေးသည့် ပရဟိတအဖွဲ့အစည်းတစ်ခုက ကူညီပံ့ပိုးပေး လျက်ရှိကြောင်း သိရသည်။
ယင်းသမဂ္ဂအဖွဲ့သည် ဂျပန်နိုင်ငံ၏ အကြီးဆုံးသော အလုပ်သမားအဖွဲ့အစည်းတစ်ခုဖြစ်သည့် Rengo Tokyo နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး အလုပ်သမားရေးရာကိစ္စရပ်များ ကိုင်တွယ်ဖြေရှင်းရာတွင် Rengo Tokyo ၏အကူအညီများ ရယူသွားမည်ဖြစ်ကြောင်း သိရသည်။
၎င်းအဖွဲ့အစည်းသည် ဂျပန်နိုင်ငံ၌ လာရောက်လုပ်ကိုင်လျက်ရှိသည့် နိုင်ငံခြားသားအလုပ်သမားများအား ဆက်လက် ကူညီပေးသွားမည်ဖြစ်ကြောင်း Rengo Tokyo အဖွဲ့မှ တာဝန်ရှိသူ Saito Chiaki က ဆိုသည်။
ဂျပန်နိုင်ငံ၏ လူဦးရေလျော့ကျလျက်ရှိချိန်တွင် နိုင်ငံအတွင်း လာရောက်လုပ်ကိုင်ကြသည့် နိုင်ငံခြားသား အလုပ်သမားများအား ကာကွယ်စောင့်ရှောက်ရန် အလွန်ပင်အရေးကြီးကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
ကိုးကား- အင်န်အိတ်ချ်ကေ
ဘာသာပြန်- အောင်ကျော်ကျော်