၁၂ ဖေဖော်ဝါရီ
လွန်ခဲ့သော နှစ်ပေါင်း ၁၀၄ နှစ်က ဖြစ်သည်။ ထိုစဉ်က မြန်မာနိုင်ငံအတွက် အပြောင်းအလဲကို ထုဆစ်ပုံဖော်မည့် အာဇာနည်ပုဂ္ဂိုလ်တစ်ဦး ပေါ်ထွန်းခဲ့သည်။ တိတိကျကျ ပြောရမည်ဆိုလျှင် ၁၉၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ၊ မြန်မာသက္ကရာဇ် ၁၂၇၆ ခုနှစ် တပေါင်းလဆန်း ၁ ရက် (စနေနေ့)နံနက်စောစောတွင် နတ်မောက်မြို့၌ အဖ ရှေ့နေ ဦးဖာနှင့် အမိဒေါ်စုတို့မှ ကျောင်းသား ခေါင်းဆောင်၊ တပ်မတော်၏ဖခင်၊ အမျိုးသားခေါင်းဆောင်၊ လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းကို မွေးဖွားခဲ့သည်။ ထို့ကြောင့် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ဗိုလ်ချုပ်၏ ၁၀၄ နှစ်မြောက်မွေးနေ့ရောက်ရှိတော့မည်ဖြစ်သည်။ ထို့အပြင် ဗိုလ်ချုပ်ကို ဂုဏ်ပြုသောအားဖြင့်ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကို ကလေးများနေ့အဖြစ်လည်း သတ်မှတ်ထားသည်။
အင်္ဂါ၊ ဖေဖော်ဝါရီ ၁၂၊ ၂၀၁၉နာမည်နှင့်လိုက်အောင် ထူးဆန်း
ဗိုလ်ချုပ်အောင်ဆန်း၏ ဇာတာတွင် “ထိန်လင်း” ဟု ပါရှိသည်။ သို့သော်မိဘများအပါအဝင် မည်သူကမျှ “ထိန်လင်း” ဟူ၍ မခေါ်ခဲ့ကြပေ။ ”အောင်ဆန်း” ဆိုသောနာမည်ကိုသာ ခေါ်ခဲ့ကြသည်။ “ပညတ်သွားရာ ဓာတ်သက်ပါ” ဆိုသည့်အတိုင်း အောင်ဆန်းနာမည်နှင့်လိုက်အောင် “ဆန်း” ခဲ့သည်။
ငယ်စဉ်က အသက်သုံးနှစ်ကျော်အထိ စကားမပြောခဲ့ပေ။ မိဘများက “စကားမှ ပြောပါဦးမလား၊ “အ အ” ကလေးများ ဖြစ်နေမလား” ဟု စိုးရိမ်ပူပန်ခဲ့ကြသည်။ စကားပြောလာသည့်အချိန်တွင်လည်း လူကြီးများ မဖြေနိုင်သည့် မေးခွန်းများကိုမေးလေ့ရှိသည်။ “မိုးတွင်း၊ ဆောင်းတွင်း” ဟု ပြောကြားသော်လည်း မည်သည့်အတွက်ကြောင့် “နွေတွင်း” ဟု မပြောကြသနည်းဟုမေးခဲ့ရာ လူကြီးများမှာ မဖြေနိုင်ဘဲ ရယ်နေကြရသည်။ “ညီအစ်ကို တစ်ဝမ်းကွဲ” ၊ “မောင်နှမတစ်ဝမ်းကွဲ” ရှိသော်လည်း မည်သည့်အတွက်ကြောင့် “လင်မယား တစ်ဝမ်းကွဲ” မရှိသနည်းဟု မေးမြန်းခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းသည် ငယ်စဉ်ကပင် အမြဲတွေးတောစဉ်းစားနေလေ့ရှိသည်။ အသက် ၁၅ နှစ်ခန့်အရွယ်တွင် နတ်မောက်ဘုရားကြီးကျောင်းဆရာတော် ဦးဉာဏဝံသထံသွားပြီး ဥပဒေအရ အပြစ်ရှိသည့် တရားခံတစ်ယောက်အား သေဒဏ်ပေးလိုက်သော တရားသူကြီးတွင် ဘာသာရေးအရ အပြစ် ရှိ၊ မရှိလျှောက်ထားမေးမြန်းခဲ့ဖူးသည်။ ကလေးတစ်ယောက်၏ မြင့်မားသော တွေးခေါ်မြော်မြင်မှုပင် ဖြစ်သည်။
လူ့ဂွစာဟုပင် ကင်ပွန်းတပ်ခံ
၁၉၃၂ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်ရောက်လာသော ကိုအောင်ဆန်းသည် လူထူးလူဆန်းတစ်ယောက်လို ဖြစ်နေသည်။ ထိုခေတ်ကတက္ကသိုလ်ကျောင်းသားများသည် အထက်တန်းလွှာမှဖြစ်၍ တန်ဖိုးရှိသော အဝတ်အထည်များကို ဝတ်ဆင်ကြသည်။ သို့သော် ကိုအောင်ဆန်းသည် မန္တလေးလုံခြည် တစ်ပတ်နွမ်း၊ ပင်နီတိုက်ပုံအင်္ကျီ၊ တစ်ပတ်နွမ်း ရှပ်အင်္ကျီလောက်သာ ဝတ်ဆင်ခဲ့သည်။ ကိုအောင်ဆန်း၏အခန်းသည် စာအုပ်များနှင့် ပြန့်ကျဲနေတတ်သည်။ အဝတ်အစား အနေအထိုင်ကို ဂရုမစိုက်သော်လည်း စာအုပ်စာပေပေါင်းစုံကို ဖတ်သည်။ ကျောင်းစာအပြင် နိုင်ငံရေး စာအုပ်များစွာကိုလည်း ဖတ်ခဲ့သည်။ လောကွတ်မလုပ်တတ်ချေ။ သူ့အားဖော်ရွေစွာနှုတ်ဆက်သည့် ကျောင်းသားများကိုလည်း ပြန်လည်နှုတ်ဆက်ချင်မှ နှုတ်ဆက်သည်။ ထို့ကြောင့် တချို့သောကျောင်းသားများက ကိုအောင်ဆန်းကို “လူ့ဂွစာ” ဟုပင်ကင်ပွန်းတပ်ခဲ့ကြသည်။ မည်သို့ပင်ဆိုစေကာမူ သူနှင့်ရင်းရင်းနှီးနှီး ဆက်ဆံဖူးသူများကမူ ကိုအောင်ဆန်းကို တစ်သက်လုံး ခင်မင်ရင်းနှီးသွားတော့သည်။
ကြိုတင်သိထား
ကိုအောင်ဆန်းသည် ၁၉၃၈ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၌ တကသဥက္ကဋ္ဌတာဝန်အပြင် ဗကသဥက္ကဋ္ဌအဖြစ်ပါ ရွေးကောက်တင်မြှောက်ခံရသည်။ ကျောင်းသားခေါင်းဆောင် တာဝန်ထမ်းဆောင်နေစဉ် တကသအဆောက်အအုံ၌သာ အိပ်စားနေလေ့ရှိသည်။ ကိုအောင်ဆန်းသည် ခေါင်းအုံး၊ ခြုံရန်စောင်၊ အိပ်ရာခင်းနှင့်ခြင်ထောင်တို့ မပါဘဲ ခုံတန်းလျားများပေါ်တွင် ကြမ်းပိုးကိုက်ခံ၊ ခြင်ကိုက်ခံ၍ အိပ်ခဲ့ရသည်။ တကသ၏ အစောင့်ဖြစ်သူက စောင်၊ ခြင်ထောင်များ ထုတ်ပေးသည့်အခါ “ကျုပ်ကနိုင်ငံရေးလုပ်မည့်လူ၊ ထောင်ထဲကထွက်ရမှာ မဟုတ်ဘူး၊ ဒါကြောင့်ခုကတည်းက ကျင့်နေတာ”ဟု ပြန်ပြောခဲ့သည်။ တိုင်းပြည်နှင့် လူမျိုးအတွက် အနစ်နာခံသွားမည်ဆိုသော စိတ်ဓာတ်ပင်ဖြစ်သည်။ တက္ကသိုလ်ကျောင်းသား တစ်ဦး၏ အတုယူဖွယ် စိတ်နေစိတ်ထားပင်ဖြစ်သည်။
ထမင်းဖိုးပင်မရှိ
သခင်အောင်ဆန်းသည် တို့ဗမာအစည်းအရုံးတွင် အထွေထွေအတွင်းရေးမှူး တာဝန်ထမ်းဆောင်ခဲ့သည်။ ထိုစဉ်က သခင်များသည် အလွန်ဆင်းရဲကြသည်။ တစ်ခါတစ်ရံ နှစ်ရက်၊ သုံးရက် ထမင်းမစားရပေ။ တစ်ခါတစ်ရံ ဘယာကြော်လောက်နှင့်သာ တင်းတိမ်နေရသည်။ မည်မျှပင် ငတ်ပြတ်နေစေကာမူ ကိုအောင်ဆန်းသည်တစ်ခါမျှ မညည်းညူခဲ့ပေ။ မစားရလျှင် စာဖတ်၍ နေခဲ့သည်။တစ်နေ့တွင် သခင်အောင်ဆန်းနှင့် သခင်လှကြွေတို့သည် အနီးအနားရှိအဒေါ်ကြီးတစ်ယောက်၏ ထမင်းဆိုင်တွင် ထမင်းဝင်စားကြသည်။ ထမင်းစားပြီး သောအခါ ပေးရန်ပိုက်ဆံ မရှိသောကြောင့် ကိုအောင်ဆန်းက “အဒေါ် ကြီး ... ကျုပ်တို့တော့ ခင်ဗျားထမင်းကို စားပြီးနေပြီ၊ ပေးစရာ ပိုက်ဆံမရှိဘူး၊ ကျုပ်ပါးကိုရိုက်ပေတော့” ဟု ပြောဆိုကာ ပါးထိုးပေးခဲ့သည်။ ထမင်းဆိုင်ရှင် အဒေါ် ကြီးက “ပြောရက်ပါပေ့ သခင်အောင်ဆန်းရယ်၊ အဒေါ်က မင်းတို့ကို ကြည်ညိုပြီးသားပါ၊ ဘာဖြစ်လို့ ပါးရိုက်ရမှာတုံး” ဟု ပြန်ပြောခဲ့ရသည်။
ထိုအဖြစ်အပျက်က သခင်အောင်ဆန်း၏ ဟန်ဆောင်မှုကင်းမဲ့သော စိတ်နေစိတ်ထားကို ဖော်ညွှန်းလျက်ရှိသည်။ အမှန်စင်စစ်မှာမူ ဗိုလ်ချုပ်အောင်ဆန်းသည်သူတစ်ပါးပစ္စည်းကို အလကားမယူလိုဘဲ တန်ရာတန်ကြေးပေး၍သာ ရယူလိုသည့်ရိုးသားသောစိတ်ဓာတ် ရှိနေသည်။
တစ်ထိုင်တည်းရေးဆွဲ
၁၉၃၉ ခုနှစ် စက်တင်ဘာလတွင် ဒုတိယကမ္ဘာစစ် စတင်ဖြစ်ပွားသည်။ သခင်အောင်ဆန်းသည် “အင်္ဂလိပ်အခက် ဗမာ့အချက်” ဟူသော ဆောင်ပုဒ်ကို လက်ကိုင်ထားလျက် တိုင်းပြည်လွတ်လပ်ရေးအရယူရန် အခိုင်အမာဆုံးဖြတ်ခဲ့သည်။ အောက်တိုဘာလနှင့် နိုဝင်ဘာလတွင် ဒေါက်တာဘမော်အိမ်၌ စည်းဝေးကြလျက် “ဗမာ့ထွက်ရပ်ဂိုဏ်း” ဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့ကြသည်။ သခင်အောင်ဆန်းအား အထွေထွေအတွင်းရေးမှူးအဖြစ် ရွေးကောက်တင်မြှောက်ခဲ့သည်
ဗမာ့ထွက်ရပ်ဂိုဏ်းကြီးအတွက် လုပ်ငန်းစဉ်ရေးဆွဲနိုင်ရေးအတွက် အစည်းအဝေးကို ၁၅ ရက်ခန့် ရွှေ့ဆိုင်းရန်အချို့ကအဆိုတင်သွင်းခဲ့ရာ သခင်အောင်ဆန်းက “ရက်ရွှေ့နေဖို့ မလိုပါဘူး၊ ခင်ဗျားတို့ လက်ဖက်ရည်သောက်၊ စမူဆာ စားနေကြပါ၊ ကျွန်တော် ရေးလိုက်ပါ့မယ်” ဟု ပြောဆိုကာ စားပွဲတစ်လုံးသို့ရွှေ့၍ တစ်ထိုင်တည်းဖြင့် ရေးချလိုက်သည်။ ကိုအောင်ဆန်းရေးဆွဲတင်ပြသော လမ်းစဉ်သည် ပြီးပြည့်စုံသောကြောင့် အားလုံးက သဘောတူ အတည်ပြုခဲ့ကြရသည်။ ထိုစဉ်က သခင်အောင်ဆန်း၏ အသက်သည် ၂၄ နှစ်သာရှိသေးသော်လည်း အရည်အချင်းမှာမူ အံ့မခန်းပင်ဖြစ်သည်။ ယနေ့ခေတ်လူငယ်များ အားကျအတုယူသင့်ပေသည်။
တပ်မတော်ဖွဲ့ဖို့ ဂျပန်သို့ ထွက်ခွာ
၁၉၄၀ ပြည့်နှစ် ဩဂုတ်လ ၈ ရက်နေ့တွင် ဟိုင်လီသင်္ဘောဖြင့် ဂျပန်နိုင်ငံသို့လျှို့ဝှက်စွာ ထွက်ခွာခဲ့သည်။ သို့သော် သခင်အောင်ဆန်းသည် အမွိုင်တွင်သောင်တင်နေခဲ့ပြီး ဂျပန်စစ်တပ်မှ ဗိုလ်မှူးကြီး ဆူဇူကီးနှင့် အဆက်အသွယ်ရရှိမှသာ မြန်မာ့တပ်မတော် ဖွဲ့စည်းရေးအတွက် ဆွေးနွေးနိုင်ခဲ့သည်။ ၁၉၄၁ ခုနှစ်တွင် မြန်မာ့လွတ်လပ်ရေးအတွက် စီမံကိန်းကို ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ရေးဆွဲခဲ့ပြီး ထိုနှစ်မတ်လ ၃ ရက်နေ့တွင် ရုပ်ဖျက်ကာမြန်မာနိုင်ငံသို့ ခေတ္တပြန်ခဲ့သည်။
မျိုးချစ်လူငယ်များကို စည်းရုံးစုဆောင်းပြီး ဂျပန်သို့ခေါ်ဆောင်ခဲ့သည်။ ထိုလူငယ်များသည် နောင်တွင် ရဲဘော်သုံးကျိပ်ဝင်များ ဖြစ်လာကြသည်။ ဟိုင်နန်ကျွန်းတွင်ပင်ပန်းကြီးစွာဖြင့် စစ်ပညာသင်ယူခဲ့ကြသည်။ သခင်အောင်ဆန်းဦးဆောင်သော ရဲဘော်သုံးကျိပ်သည် ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ ဦးလွန်းဖေနေအိမ်၌ လက်မောင်းသွေးဖောက် သစ္စာဆိုသောက်ပြီး ဗမာ့လွတ်လပ်ရေးတပ်မတော် (Burma Independence Army-BIA) ကိုဖွဲ့စည်းခဲ့သည်။ ၁၉၄၂ ခုနှစ်တွင် မြန်မာနိုင်ငံသို့ချီတက်ခဲ့ပြီး ထိုနှစ်မတ်လ ၈ ရက်နေ့တွင် ရန်ကုန်ကို သိမ်းပိုက်ခဲ့သည်။ ထိုနှစ် ဇူလိုင်လတွင် ဗိုလ်မှူးကြီးရာထူးဖြင့် ဗမာ့တပ်မတော်စစ်သေနာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။ စက်တင်ဘာလ ၆ ရက်နေ့တွင် ဒေါ်ခင်ကြည်နှင့် လက်ထပ်ထိမ်းမြားခဲ့ပါသည်။
လွတ်လပ်ရေးအတွက် ကြိုးပမ်းမှုများ
၁၉၄၃ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့တွင် ဒေါက်တာဘမော်အစိုးရအဖွဲ့တွင် ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၄၄ ခုနှစ် ဩဂုတ်လ ၄ ရက်နေ့တွင် ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်ကြီး (ဖဆပလ)ကို လျှို့ဝှက်စွာဖွဲ့စည်းခဲ့သည်။ ၁၉၄၅ ခုနှစ် မတ်လ ၁၇ ရက်နေ့တွင် ရန်သူကို တိုက်ခိုက်ရန်အတွက် တပ်မတော်ကို ဦးဆောင်၍ စစ်မြေပြင်သို့ ထွက်ခွာခဲ့သည်။ ထိုနှစ် မတ်လ ၂၇ ရက်နေ့တွင် ဖက်ဆစ်ဂျပန်ကို တရားဝင်စစ်ကြေညာကာ တော်လှန်တိုက်ခိုက်ခဲ့သည်။ ထို့နောက် ဩဂုတ်လ ၁၉ ရက်နေ့တွင် ပြုလုပ်သော နေသူရိန်အစည်းအဝေး ကြီး၌ သဘာပတိအဖြစ်ဆောင်ရွက်၍ ဗမာ့လွတ်လပ်ရေးကို တောင်းဆိုခဲ့သည်။
၁၉၄၆ ခုနှစ် ဇန်နဝါရီလတွင် ရွှေတိဂုံဘုရားအလယ်ပစ္စယာ၌ ကျင်းပသော ပြည်လုံးကျွတ် (ဖဆပလ)ညီလာခံက အဖွဲ့ချုပ်ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခဲ့သည်။ ထိုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့တွင် ဗြိတိန်ဘုရင်ခံ၏ အမှုဆောင်ကောင်စီ၌ ဒုတိယသဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၄၇ ခုနှစ် ဇန်နဝါရီလတွင် အင်္ဂလန်လန်ဒန်မြို့၌ အောင်ဆန်း-အက်တလီ စာချုပ်ချုပ်ဆိုခဲ့သည်။ ထို့နောက် မြန်မာ့လွတ်လပ်ရေးအတွက် များစွာအရေးပါသော တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို လှစ်ဟပြသည့် တောင်တန်းနှင့် ပြည်မပူးပေါင်းသည့် ပင်လုံစာချုပ်ကြီးကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ဦးဆောင်ချုပ်ဆိုနိုင်ခဲ့သည်။
ထိုနှစ် ဇွန်လ ၁၆ ရက်နေ့တွင် ပြုလုပ်သော ပထမဆုံးအကြိမ် တိုင်းပြုပြည်ပြု လွှတ်တော်၌ အချုပ်အခြာအာဏာပိုင် သမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းရန် အဆိုတင်ခဲ့သည်။ ဇူလိုင်လ ၁၃ ရက်နေ့တွင် မြို့တော်ခန်းမ၌ တိုင်းပြည်အတွက် အရေးကြီးဆုံးသော မိန့်ခွန်းမြွက်ကြားခဲ့သည်။ ထိုမိန့်ခွန်းသည် ဗိုလ်ချုပ်အောင်ဆန်း၏ နောက်ဆုံး မိန့်ခွန်းဖြစ်သည်။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ (စနေနေ့) နံနက် ၁၀ နာရီ ၃၇ မိနစ်အချိန်တွင် နယ်ချဲ့လက်ပါးစေများ၏ လက်ချက်ဖြင့် ကျဆုံးခဲ့ရပါသည်။ ဗိုလ်ချုပ်ကျဆုံးစဉ်က ဇနီးဒေါ်ခင်ကြည်၊ သား အောင်ဆန်းဦး၊ အောင်ဆန်းလင်း (ကွယ်လွန်)နှင့် သမီး အောင်ဆန်းစုကြည်တို့ ကျန်ရစ်ခဲ့ပါသည်။ မည်သို့ပင်ဆိုစေကာမူဗိုလ်ချုပ်၏ စွန့်လွှတ်အနစ်နာခံမှုတို့ကြောင့် ခြောက်လအကြာ ၁၉၄၈ ခုနှစ်ဇန်နဝါရီလ ၄ ရက်နေ့တွင် တိုင်းပြည်လွတ်လပ်ရေးပြန်လည်ရရှိခဲ့သည်။
ထူးခြားသောစိတ်ထားပိုင်ရှင်
ဆိုရလျှင် လွတ်လပ်ရေး၏ဖခင် ဗိုလ်ချုပ်အောင်ဆန်းသည် ငယ်စဉ်ကတည်းက အများနှင့်မတူ တစ်မူထူးခြားစွာ နေထိုင်လေ့ရှိသည်။ မိဘများ၊ ဆရာသမားများ အပေါ်တွင် မုသားစကားပြောဆိုလေ့မရှိဘဲ ကလေးသဘာဝ မိမိ၏စိတ်ထဲတွင်ဖြစ်ချင်သော ဆန္ဒအမှန်ကို ထုတ်ဖော်ပြောကြားဝံ့သော သတ္တိရှိခဲ့သည်။ ထို့အပြင် ကလေးဘဝတွင် ပြုမူခဲ့သည့် အမှားများကိုလည်း ရဲဝံ့စွာဝန်ခံရဲသော ရိုးသားဖြောင့်မတ်သည့်စိတ်ထားကို ပိုင်ဆိုင်ထားရှိပြန်သည်။ ထိုစိတ်နေစိတ်ထားများသည် အနာဂတ်ကိုစီမံခန့်ခွဲမည့် မျိုးဆက်သစ်လူငယ်များအတွက် အတုယူသင့်သော မွန်မြတ်တည်ကြည်သည့်စိတ်ဓာတ်ပင် ဖြစ်သည်။
အာဇာနည်သူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်းသည် တက္ကသိုလ် ကျောင်းသား ဘဝတွင်လည်း ကြွားဝါထောင်လွှားမှုမရှိဘဲ ကျောင်းစာကိုသာ အပတ်တကုတ်ကြိုးစားခဲ့သည်။ ထို့အပြင် သူတစ်ပါးအကြိုက်အားနာပြီး လိုက်ပါပြောဆိုပြုမူလေ့မရှိဘဲ အရှိကိုအရှိတိုင်း ပြောဆိုဆက်ဆံပြုမူခဲ့သဖြင့် ကျောင်းသားများအကြားတွင် ပေါင်းသင်းဆက်ဆံရခက်ခဲသည့် လူတစ်ဦးဟု ရှုမြင်ခံခဲ့ရသည်။ တခြားသူများ မည်ကဲ့သို့ပင် လက်ညှိုးထိုးနေစေကာမူ ဖြောင့်မတ်စွာ ရပ်တည်ကြိုးစားခဲ့သဖြင့် တက္ကသိုလ်ကျောင်းသားခေါင်းဆောင်အဖြစ် ရွေးချယ်ခံခဲ့ရသည်။
ဗိုလ်ချုပ်အောင်ဆန်းသည် ဘီအိုင်အေ၊ဘီဒီအေ၊ပီဘီအက်(ဖ်) တပ်မတော်များ နှင့်အတူ နယ်ချဲ့နှင့်ဖက်ဆစ်ဂျပန်တို့ကို မြန်မာ့မြေပေါ်မှ အမြစ်ပြတ်ချေမှုန်းတိုက်ထုတ်နိုင်ခဲ့သည်။ ထို့အပြင် မြန်မာ့လွတ်လပ်ရေးအတွက်လည်း နယ်ချဲ့တို့ထံ တည်တံ့စွာ ပြောဆိုတောင်းဆိုနိုင်ခဲ့သည်။ နယ်ချဲ့တို့ထံ လွတ်လပ်ရေးတောင်းဆိုရေးအတွက် တိုင်းပြည်အတွင်း တရားမျှတသော ရွေးကောက်ပွဲကြီးကျင်းပကာ တိုင်းပြုပြည်ပြု လွှတ်တော်ကြီးကျင်းပနိုင်ခဲ့သည်။ ထိုလွှတ်တော်ကြီးမှ တိုင်းပြည်အတွက် အရေးပါသော ဆုံးဖြတ်ချက်များ ချမှတ်နိုင်ခဲ့သည်။ ထို့နောက် လွတ်လပ်သောအချုပ်အခြာ အာဏာပိုင်သမ္မတနိုင်ငံ ဖွဲ့စည်းထူထောင်ရန် အရေးကြီးအဆိုကို တင်သွင်းနိုင်ခဲ့သည်။ ဗိုလ်ချုပ်၏ အမြော်အမြင်ကြီးမားမှုကြောင့် တစ်နှစ်အကြာတွင် ကျွန်တော်တို့နိုင်ငံနှင့် လူမျိုးအတွက် အသက်တမျှ အရေးပါသော လွတ်လပ်ရေးကြီးကို ၁၉၄၈ ခုနှစ်ဇန်နဝါရီလ ၄ ရက်နေ့တွင် လက်ဝယ်ပိုင်ပိုင်ရယူနိုင်ခဲ့ပါသည်။
ဗိုလ်ချုပ်၏ ကျေးဇူးကို ဆပ်နိုင်ဖို့ဆိုလျှင်
ဆိုရလျှင် အမျိုးသားခေါင်းဆောင်ကြီးသည် တိုတောင်းလှသောသက်တမ်း ကာလအတွင်း တိုင်းပြည်နှင့် လူမျိုးအတွက် မတူညီသောတာဝန်အမျိုးမျိုးကိုအသက်ပေးထမ်းဆောင်ခဲ့သည်။ နိုင်ငံသားများ၊ အထူးသဖြင့် မျိုးဆက်သစ်များ အနေဖြင့် ဗိုလ်ချုပ်၏ ပြောဆို၊ ပြုမူမှုပုံစံများကိုသာ သတိရတမ်းတနေခြင်းမျိုး၊ အချိုးအစားမညီသော ဗိုလ်ချုပ်ပုံစံတူရုပ်တုများကိုသာ ထုဆစ်နေခြင်းမျိုး၊ မိမိတို့နာမည်ကျော်ကြားရေးအတွက် ဗိုလ်ချုပ်ကို အသုံးချနေခြင်းမျိုးတို့ကို လုပ်ဆောင်မနေကြဘဲ အမျိုးသားခေါင်းဆောင်ကြီး၏ မျှော်မှန်းချက်များကို ရုပ်လုံးပေါ်အောင်လိုက်ပါ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့်သာ ဗိုလ်ချုပ်၏ လမ်းညွှန်ချက်ကို မြေဝယ်မကျနားထောင်ရာကျသလို ဗိုလ်ချုပ်၏ကျေးဇူးကို ဆပ်ရာလည်း ရောက်ပေမည် ဖြစ်သည်။ အမှန်စင်စစ်မှာမူ လွတ်လပ်ရေးဗိသုကာ အာဇာနည်ခေါင်းဆောင်ကြီး၏ ရင်ထဲက စိတ်ကူးအိပ်မက်သည် တိုင်းပြည်အတွင်းတိုင်းရင်းသား စည်းလုံးညီညွတ်ရေး ခိုင်မာအောင်တည်ဆောက်သွားရန် ဖြစ်သည်။
စင်စစ်အားဖြင့် ယခုဆိုလျှင် ဗိုလ်ချုပ်ကျဆုံးသွားသည်မှာ (၇၂) နှစ်ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း တိုင်းပြည်အတွင်း ငြိမ်းချမ်းရေးကို တင်းပြည့်ကျပ်ကျပ်ပြည့်မတည်ဆောက်နိုင်သေးသည်မှာ ဝမ်းနည်းဖွယ်ရာပင် ဖြစ်သည်။ ဗိုလ်ချုပ်သည်တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို တဖွဖွပြောဆိုခဲ့သည်။ ထို့ကြောင့် မျိုးချစ်စိတ်ဓာတ်ရှိသော ပြည်ထောင်စုဖွားညီအစ်ကိုများအနေဖြင့် တိုင်းပြည်အတွင်း ထာဝရငြိမ်းချမ်းရေးရရှိစေမည့် လုပ်ငန်းများတွင် ကျရာအခန်းကဏ္ဍမှ တတ်အားသရွေ့ ပါဝင်ဆောင်ရွက်သွားကြရမည်ဖြစ်ပေသည်။ မျိုးဆက်သစ်လူငယ်များအနေဖြင့် ထူးခြားသော စိတ်ထားရှိသည့် အမျိုးသားခေါင်းဆောင်ကြီးကဲ့သို့ စွမ်းဆောင်နိုင်စွမ်းမရှိသည့်တိုင်အောင် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အုတ်တစ်ချပ် သဲတစ်ပွင့်မျှ ပါဝင်ဆောင်ရွက်သွားမည်ဆိုလျှင် ဗိုလ်ချုပ်၏ကျေးဇူးကို ဆပ်နေသည်ဟု ဆိုနိုင်မည်ဖြစ်ပါသည်။ ။
မောင်သောင်းဝင်း (တမန်ဟောင်း)