၁၂  ဖေဖော်ဝါရီ

 

၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့သည် (၇၂) နှစ်မြောက်ပြည်ထောင်စုနေ့ဖြစ်သည်။

 

ပြည်ထောင်စုနေ့ကို နှစ်စဉ်ရည်ရွယ်ချက် ကြီးကြီးမားမားဖြင့် ကျင်းပနေခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ဘာသာရေးဆိုင်ရာ ပိတ်ရက်များကိုဖယ်၍ နိုင်ငံရေးဆိုင်ရာ တရားဝင်အစိုးရ ရုံးပိတ်ရက်များကို ရေတွက်ကြည့်လျှင် ခုနစ်ရက်သာ ရှိသည်။ လွတ်လပ်ရေးနေ့ (ဇန်နဝါရီလ ၄ ရက်)၊ ပြည်ထောင်စုနေ့(ဖေဖော်ဝါရီလ ၁၂ ရက်)၊ တောင်သူလယ်သမားနေ့ (မတ်လ ၂ ရက်)၊ တပ်မတော်နေ့(မတ်လ ၂၇ ရက်)၊ အလုပ် သမားနေ့(မေလ ၁ ရက်)၊ အာဇာနည်နေ့ (ဇူလိုင်လ ၁၉ ရက်)နှင့်အမျိုးသားနေ့ (တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်)တို့ဖြစ်ကြသည်။ ယင်း ခုနစ်ရက်အနက်ကျောင်းများတွင် အခမ်းအနားများ အကြီးအကျယ်လုပ်သည်မှာ လေးရက်သာရှိသည်။လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့၊ အာဇာနည်နေ့နှင့် အမျိုးသားနေ့ ဖြစ်သည်။ ယင်း လေးရက်စလုံးသည် မြန်မာ့လွတ်လပ်ရေးနှင့် သက်ဆိုင်သည်။ လွတ်လပ်ရေးရသည့်နေ့၊ လွတ်လပ်ရေးအတွက် သွေးစည်းညီညွတ်ကြောင်းပြသည့်နေ့၊ လွတ်လပ်ရေးကြိုးပမ်းရင်း အသက်စွန့်သွားခဲ့ရသော အာဇာနည်ကြီးများကို ဂုဏ်ပြုသည့်နေ့နှင့် လွတ်လပ်ရေးကြိုးပမ်းရန် အမျိုးသားစိတ်ဓာတ် စတင်နိုးကြားလာသောနေ့ (အမျိုးသားနေ့)စသည်တို့ ဖြစ်သည်။

 

မီးမောင်းထိုးပြသည့်နေ့

ပြည်ထောင်စုနေ့မှာမူ လွတ်လပ်ရေးကြိုးပမ်းမှုတစ်ခုတည်းနှင့်သာ သက်ဆိုင်သည်မဟုတ်ဘဲ ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးပေါင်းစုံတို့၏ စည်းလုံးညီညွတ်မှုကို မီးမောင်းထိုးပြသည့်နေ့ ဖြစ်သည်။ တိုင်းရင်းသားညီအစ်ကိုမောင်နှမများကြားတွင် ပြဿနာများကို ဆွေးနွေးညှိနှိုင်းကာ စကားဝိုင်းဖြင့် ဖြေရှင်းနိုင်ကြောင်း ပြသသည့်ပွဲဖြစ်သည်။ တူတာတွေကိုဗဟိုပြု၊ မတူတာတွေညှိနှိုင်း၍ အားလုံးအတွက် အကျိုးရှိအောင် ဆောင်ရွက်နိုင်ကြောင်း သက်သေပြသည့်ပွဲဖြစ်သည်။ ထို့ကြောင့်ကျွန်မတို့က “ပင်လုံစိတ်ဓာတ်” ဟု အမြတ်တနိုး ခေါ်ဝေါ်သုံးစွဲနေကြခြင်း ဖြစ်သည်။

 

လွတ်လပ်ရေးပေးဖို့ တောင်းဆို

 

၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့ လွန်ခဲ့သော ၇၂ နှစ်ကျော်က ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော အမျိုးသား ခေါင်းဆောင် ၁၆ ဦးတို့သည် “တစ်နှစ်အတွင်း လွတ်လပ်ရေးရရန်” ဟူ၍ လန်ဒန်သွားကာ အရေးဆိုကြသည်။ ဇန်နဝါရီလ ၉ ရက်နေ့တွင် ဗိုလ်ချုပ်တို့အဖွဲ့ကို ဗြိတိသျှဝန်ကြီးချုပ် ကလီးမန့်အက်တလီနှင့် အစိုးရအဖွဲ့ဝင်များက လက်ခံတွေ့ဆုံသည်။ မြန်မာပြည် တောင်တန်းဒေသဆိုင်ရာမင်းကြီး မစ္စတာစတီဗင်ကြိုးဆွဲရာ ကနေသော ပဒေသရာဇ် ရှမ်းစော်ဘွားအချို့က ဗိုလ်ချုပ်သည် ရှမ်းစော်ဘွားများ၏ ကိုယ်စားလှယ်မဟုတ်၊ တောင်တန်းဒေသကိစ္စဆွေးနွေးရန် ရှမ်းစော်ဘွားများကို သီးသန့်ဖိတ်ပါဟု လားရှိုးမှနေ၍ လန်ဒန်သို့ တိတ်တဆိတ် ကြေးနန်းရိုက်လိုက်ကြသည်။ ရှမ်းစော်ဘွားတို့၏ ကြေးနန်းစာကြောင့် အင်္ဂလိပ်အစိုးရက မြန်မာပြည်မကိုသာ လွတ်လပ်ရေးပေးပြီး တောင်တန်းဒေသကို ချန်လှပ်ထားမည်ဟု ဆိုလာခဲ့ကြသည်။ သို့သော် ဗိုလ်ချုပ်က တောင်တန်းဒေသမပါသော လွတ်လပ်ရေးသည် မြန်မာနိုင်ငံအတွက် အဓိပ္ပာယ်မရှိသော လွတ်လပ်ရေးဖြစ်သည်။ ခင်ဗျားတို့မြန်မာပြည်သိမ်းခဲ့စဉ်က ပြည်မ၊ တောင်တန်း အကုန်သိမ်းခဲ့သည့်အတိုင်း အားလုံးကိုတစ်ပြိုင်တည်း လွတ်လပ်ရေးပေးဖို့ တောင်းဆိုခဲ့သည်။

 

သက်သေပြဖို့ လိုက်ခဲ့

 

နောက်ဆုံးတွင် ဇန်နဝါရီလ ၂၇ ရက်နေ့၌ အချက် ရှစ်ချက်ပါသော အောင်ဆန်း-အက်တလီစာချုပ်ကို လက်မှတ်ထိုးနိုင်ခဲ့သည်။ ဒီကြားထဲမှာပင် မြန်မာကိုယ်စားလှယ်အဖွဲ့အတွင်းမှ ဂဠုန်ဦးစောနှင့် သခင်ဗစိန်တို့က ဆန့်ကျင်ကန့်ကွက်ကြောင်း လက်မှတ်ထိုးခဲ့ကြသေးသည်။ မည်သို့ပင်ဆိုစေစာချုပ်၏ စာပိုဒ်(ဂ)တွင် တောင်တန်းဒေသများတွင် နေထိုင်ကြသောသူများ၏ လွတ်လပ်သော သဘောတူညီချက်အရ ဆောလျင်စွာ ပူးပေါင်း နေထိုင်ရန် သဘောတူပါလျှင် တစ်ပါတည်း လွတ်လပ်ရေးပေးမည်။ နောက်လဆန်းတွင် ကျင်းပမည့် ပင်လုံကွန်ဖရင့်တွင် နယ်ခြားဒေသခေါင်းဆောင် ကိုယ်စားလှယ်များကို မေးမြန်းရမည်။ ပြည်နယ်နှင့် တောင်တန်းသားများ ပူးပေါင်းရေးကို တောင်တန်းသားများက သူတို့ဘာသာဆုံးဖြတ်ပါစေဟူသောအချက်ကို ထည့်သွင်းပြီး စာချုပ်ကို လက်မှတ် ထိုးနိုင်ခဲ့ကြသည်။ ထို့ကြောင့် ဗိုလ်ချုပ်တို့မှာ ပြည်မနှင့်တောင်တန်းဒေသ ပြည်နယ်များသည် တစ်စည်းတစ်လုံးတည်း၊ တစ်သဘောတည်းဖြစ်ကြောင်းကို သက်သေပြဖို့လိုလာခဲ့သည်။ စော်ဘွားနှစ်ဦး၏ ကြေးနန်းစာဖြင့် တောင်တန်းနှင့် မြေပြန့်ကို ခွဲခြားခဲ့ခြင်းသည်ပင်လုံစိတ်ဓာတ်ကို စတင်သန္ဓေတည်အောင် နိုးဆွပေးလိုက်ခြင်းပင် ဖြစ်တော့သည်။

 

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့မှစ၍ ရှမ်းပြည်နယ် ပင်လုံမြို့တွင် ရှမ်း၊ ကချင်၊ ချင်းကိုယ်စားလှယ်များ ပူးပေါင်းကာ အစည်းအဝေးများ ကျင်းပခဲ့ကြသည်။ ဖေဖော်ဝါရီလ ၇ ရက် နေ့တွင် တောင်တန်းသားများ ညီညွတ်ရေး ဦးစီးအဖွဲ့ကိုအဖွဲ့ဝင် ၁၈ ဦးဖြင့် ဖွဲ့စည်းနိုင်ခဲ့သည်။ ထိုအချိန်တွင်တောင်တန်းဒေသ မင်းကြီး မစ္စတာစတီဗင်က သွေးခွဲစကားများ ပြောဆိုခဲ့သော်လည်း ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်ဦးဆောင်သော ရှမ်းစော်ဘွားများအဖွဲ့က ဗိုလ်ချုပ်ကိုသာ ထောက်ခံခဲ့ကြသည်။

 

တရားဝင်လက်မှတ်ရေးထိုး

 

ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် မြန်မာပြည်မှ ဖဆပလ အဖွဲ့ချုပ်ဥက္ကဋ္ဌလည်းဖြစ် အင်္ဂလိပ်ဘုရင်ခံ၏ အမှုဆောင်ကော်မတီဒုတိယဥက္ကဋ္ဌနှင့် နန်းရင်ဝန်လည်းဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒိုမီနီယံအတွင်းဝန် မစ္စတာဘော့တွမ်လေတို့ ပင်လုံသို့ ရောက်လာကြသည်။ ဗိုလ်ချုပ်က ဗမာပြည်အစိုးရ၏ ကိုယ်စားလှယ်အဖြစ် လာရောက်ခြင်းဖြစ်သည်။ ၈ရက်နေ့ နံနက်တွင် ရှမ်း၊ ကချင်၊ ချင်း၊ ဗမာခေါင်းဆောင်များ၊ အင်္ဂလိပ်အရာရှိများနှင့် ရှမ်းပြည်သူလူထုတက်ရောက်၍ တောင်တန်းဒေသဆိုင်ရာ ပင်လုံညီလာခံလူထုအစည်း အဝေးကြီးကို ကျင်းပခဲ့သည်။ သဘာပတိမှာ တောင်ပိုင်းစော်ဘွားကြီး စဝ်ခွန်ပန်းစိန်ဖြစ်သည်။ ယင်းညီလာခံတွင်ဗိုလ်ချုပ်က “မြန်မာများက စိုးမိုးလို၍မဟုတ်” ဟူသော မိန့်ခွန်းကိုပြောခဲ့ပြီး လူထုပရိသတ်ကြီးက တစ်ခဲနက် ထောက်ခံအားပေးခဲ့ကြသည်။ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် တိုင်းရင်းသား ကိုယ်စားလှယ်တော်ကြီးများက အချောသတ်ရေးသားထားသော ပင်လုံစာချုပ်ကို ရှမ်းစော်ဘွား ခြောက်ဦး၊ ရှမ်း လူထုကိုယ်စားလှယ် ရှစ်ဦး၊ ကချင်ကိုယ်စားလှယ် သုံးဦးနှင့်ဗမာပြည် အစိုးရကိုယ်စားလှယ်အဖြစ် ဗိုလ်ချုပ်အောင်ဆန်းတို့ဖြင့် ကိုယ်စားလှယ်၂၃ ဦးက တရားဝင်လက်မှတ်ရေးထိုးခဲ့ကြသည်။

 

စည်လုံးခြင်းသည် အင်အား

 

ပင်လုံစာချုပ်သည် တိုင်းရင်းသားတို့၏ စည်းလုံးညီညွတ်မှုနှင့် ပြည်ထောင်စုစိတ်ဓာတ်ပြယုဂ် ဖြစ်သည်။ အဖျက်ရန် ဘယ်လိုရှိရှိ ပြည်ထောင်စုသားတို့သည် အေးအတူ၊ ပူအမျှ၊ ဥမကွဲသိုက်မပျက် သွေးစည်းညီညွတ်ကြမည်ဟု ကတိပြုလိုက်ခြင်းဖြစ်သည်။ ထို့အတွက်ရလဒ်မှာ မြန်မာတစ်နိုင်ငံလုံး အတွက် တစ်ပေါင်းတစ်စည်းတည်း အပြည့်အဝ လွတ်လပ်ရေး ဖြစ်သည်။ မြန်မာစကားပုံလာအတိုင်း “စည်းလုံးခြင်းသည်အင်အား” ဖြစ်သည်။

 

ယနေ့အချိန်တွင် မြန်မာနိုင်ငံသည် အမျိုးသားရင်ကြားစေ့ရေး ကြိုးပမ်းလျက် ဒီမိုကရေစီခရီးရှည်ကြီးကို လျှောက်လှမ်းနေချိန် ဖြစ်သည်။ ဒီမိုကရေစီ ခရီးလမ်းဝယ် ပင်လုံက သက်သေထူသော ပြည်ထောင်စုစိတ်ဓာတ်ကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားဖို့ လိုပါသည်။ တိုင်းရင်းသားညီနောင်စုတို့သည် မိမိတို့ တည်ထောင်ပြုထားသော ပြည်ထောင်စုကြီးတည်မြဲရေးအတွက် လက်ချင်းခိုင်ခိုင်ယှက် တွဲနိုင်ကြပါစေဟု ဆန္ဒပြုလိုက်ရပါသည်။ ။

 

မိမိကြီး (I.R)