ဒီဇင်ဘာ ခရစ္စမတ်ရုံးပိတ်ရက် ပုဂံ - ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှု နယ်မြေနယ်မြေသို့ ပြည်တွင်း ခရီးသွားဧည့်သည်လာရောက်မှု တစ်သိန်းငါးသောင်းကျော်ရှိ

 

 

ညောင်ဦး၊ ဒီဇင်ဘာ ၂၅

 

ဒီဇင်ဘာခရစ္စမတ် ရုံးပိတ်ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ အထင်ကရသမိုင်းဝင် ဘုရား၊ ပုထိုး၊ သာသနိက အဆောက်အအုံများသို့ ပြည်တွင်းဘုရားဖူး ဧည့်သည်များ အလွန်များပြားစွာ လာရောက်လျက်ရှိကြောင်း လောကနန္ဒာစွယ်တော်မြတ်စေတီ ဂေါပကအတွင်းရေးမှူး ဦးထင်လင်းဦးထံမှ သိရသည်။

 

ဒီဇင်ဘာ ခရစ္စမတ်ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်အတွင်း သမိုင်းဝင်စေတီပုထိုးများဖြစ်သည့် ပုဂံ-ညောင်ဦးဘက်ခြမ်းရှိ စွယ်တော်သုံးဆူ၊ ဧရာဝတီမြစ်တစ်ဘက်ကမ်းရှိ ပခုက္ကူမြို့နယ် တန့်ကြည်တောင် စွယ်တော်မြတ်စေတီ၊ မဟာငှက်ပစ်တောင်စေတီ၊ ထီးလိုမင်းလိုဘုရား၊ အာနန္ဒာဘုရား၊ မဟာဗောဓိဘုရား၊ ဗူးဘုရား၊ ကန်တော့ပလ္လင်ဘုရား၊ ခေမင်္ဂဘုရားဝင်း၊ သကြားပုန်းဘုရား၊ ရွှေလိပ်တူးဘုရား၊ သဗ္ဗညုဘုရား၊ ငကျွဲနားဋောင်းဘုရား၊ ပုထိုးသားများဘုရား၊ ဆင်များရှင်ဘုရား၊ မနုဟာဘုရား၊ ဓမ္မရာဇကဘုရား၊ ရှင်အဇ္ဇဂေါဏဘုရား၊ ဓမ္မရံကြီးနှင့် စူဠာမဏိဘုရားများတွင် ကားထားသည့်နေရာ အခက်အခဲဖြစ်သည်အထိ ပြည်တွင်းခရီးသွား ဘုရားဖူးဧည့်သည် များပြားလျက်ရှိကြောင်း သိရသည်။

 

mdn

 

ပွဲတော်အချိန်ခါမဟုတ်သည့် (အခါကြီးရက်ကြီး) အချိန်မှာပင် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှု နယ်မြေသည် ပြည်တွင်း / ပြည်ပ ခရီးသွား အဆက်မပြတ်သည့် မြို့ဖြစ်ကာ ဒီဇင်ဘာ ခရစ္စမတ်ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်များတွင် ဘုရားဖူးလာရောက်သူ တစ်သိန်းငါးသောင်းကျော် ဝင်ရောက်လာကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ပုဂံရုံးခွဲ) မှ သိရသည်။

 

ပုဂံရှေဟောင်းယဉ်ကျေးမှုနယ်မြေရှိ သမိုင်းဝင်အထင်ကရဘုရား၊ သာသနိက အဆောက်အအုံများနှင့် ကျောက်ပန်းတောင်း - ညောင်ဦးကားလမ်းမကြီးတလျှောက် ဖွင့်လှစ်ရောင်းချနေကြသည့် ရိုးရာထန်းတဲများ၌လည်း ခရီးသွားဘုရားဖူးများ ဝင်ရောက်မှု များပြားလျှက်ရှိနေခြင်းကြောင့် ထန်းလျှက်အမျိုးမျိုး၊ ဆုံကြိတ်ဆီဖြစ်သည့် မြေပဲဆီ၊ နှမ်းဆီများ အရောင်းအဝယ် ကောင်းမွန်နေပြီး ညောင်ဦးမြို့နှင့် ပုဂံမြို့တို့တွင်လည်း အီးဘိုက်၊ မီနီအိုးဝေ၊ မြင်းလှည်း၊ ကားအငှားလိုက်သူများနှင့် စားသောက်ဆိုင်များ၊ ပြည်တွင်းဧည့်လမ်းညွှန်များလည်း အလုပ်အကိုင် အဆင်ပြေနေကြကြောင်း သိရသည်။

 

ကိုကြေးမုံ