မိုးယွန်းကြီးအင်းဘေးမဲ့တော အပန်းဖြေစခန်းသို့ နှစ်သစ်ကူးကာလ၌ အပန်းဖြေ အနားယူသူများ တစ်ဖွဲဖွဲဝင်ရောက်လျက်ရှိ

ရန်ကုန် ဒီဇင်ဘာ ၂၈

 

ပဲခူးတိုင်းဒေသကြီး မိုးယွန်းကြီးအင်း ဘေးမဲ့တော အပန်းဖြေစခန်းသို့ ခရီးသွားရာသီတွင် အပန်းဖြေ အနားယူသူများနှင့် လေ့လာသူများ တစ်ဖွဲဖွဲဝင်ရောက်လျက်ရှိရာ နှစ်သစ်ကူးကာလ Happy New Year နေ့တွင် ပြည်တွင်း/ပြည်ပမှ ခရီးသွားများ ပိုမိုဝင်ရောက် အပန်းဖြေနိုင်မည်ဟု မျှော်မှန်းထားကြောင်း သိရသည်။

 

မိုးယွန်းကြီးအင်းဘေးမဲ့တော အပန်းဖြေစခန်းသို့ ဆောင်းရာသီ ခရီးသွားကာလတွင် နေ့စဉ်ခရီးသွား အပန်းဖြေ လာရောက်လေ့လာသူ ၈၀ မှ ၁၀၀ ဦးခန့်ရှိပြီး စနေ၊ တနင်္ဂနွေနေ့များ၌ ခရီးသွား ၃၀၀ ခန့် လာရောက် အပန်းဖြေလျက်ရှိသည်။ ခရစ္စမတ်နေ့တွင် ခရီးသွား ၅၈၀ ဦးကျော် လာရောက်အပန်းဖြေ လေ့လာခဲ့ပြီး နှစ်ကူးနောက်ဆုံးနေ့တွင် လာရောက်အပန်းဖြေ အနားယူသူတို့အတွက် ဝန်ဆောင်မှုကောင်းများ ပေးနိုင်ရန် ကြိုတင်ပြင်ဆင်လျက်ရှိသည်။

 

“ဆောင်းခိုငှက် ဝင်ရောက်ချိန်ဖြစ်ပြီး ခရီးသွားရာသီဖြစ်တဲ့အတွက် မိုးယွန်းကြီးအင်း ဘေးမဲ့တောကို အပန်းဖြေ အနားယူသူတွေ တစ်ဖွဲဖွဲဝင်ရောက်နေပါတယ်။ ကျွန်တော် တို့အနေနဲ့ ခရီးသွားတွေ အပန်းဖြေ ငှက်ကြည့်နိုင်ဖို့အတွက် အင်းထဲမှာ စက်လှေတွေစီစဉ် ပေးထားပါတယ်။ ပြည်တွင်း/ပြည်ပ ခရီးသွားတွေ ငှက်ကြည်ရာမှာ အဆင်ပြေပြေလေ့လာ နိုင်ဖို့အတွက် Guide တွေလည်း ထားရှိပေးထားပါတယ်။ ပြီးတော့ အင်းထဲမှာ ငှက်ကြည့်ရင်းဘုရားလည်း ဖူးနိုင်ပါတယ်။ စိတ်ကြည်နူးမှုရရှိအောင် ကြာပင်တွေနဲ့ စိမ်းစိုအပင်တွေ စိုက်ပျိုးထားပြီး အပန်းဖြေတဲ့ အခါမှာလည်း ဘန်ဂလိုမှာတည်းခိုတာထက် သဘာဝအတိုင် းတည်းခိုအပန်းဖြေနိုင်အောင်လည်း စီစဉ်ပေးထားပါတယ်။ Happy New Year နေ့မှာတော့ ယခင်ရက်တွေထက် ခရီးသွားတွေ ပိုမိုဝင်ရောက်မယ်လို့ မျော်မှန်ထားတာကြောင့် အားလုံးကြိုတင် ပြင်ဆင်ထားပါတယ်"ဟု မိုးယွန်းကြီး အင်းဘေးမဲ့တော အပန်းဖြေစခန်းမှာ မန်နေဂျာ ဦးဇော်မျိုးဝေက ပြောသည်။

 

 

မိုးယွန်းကြီးအင်းဘေးမဲ့တောသည် ဧက ၂၅၆၀၀ ကျယ်ဝန်း၍ မြန်မာနိုင်ငံတွင် ပထမဆုံး ရေဝပ်ဒေသ (Ramsar Site) အဖြစ် ၂၀၀၅ ခုနှစ်တွင် သတ်မှတ်ခဲ့ပြီး မြန်မာနိုင်ငံသို့ ဆောင်းခိုငှက်များ ဝင်ရောက်ရာ အရှေ့အာရှ - ဩစတြေးလျ ဒေသဆောင်းခိုငှက်များ ပျံသန်းရာလမ်းကြောင်း Flyway Network Site ဖြစ်ခြင်းကြောင့် ၂၀၁၄-ခုနှစ်တွင် နိုင်ငံတကာ၏ အသိအမှတ်ပြုမှုကို ရရှိခဲ့သည်။ ငှက်များကို အဓိကထား ထိန်းသိမ်းရာ နေရာတစ်ခုဖြစ်ရာ ကမ္ဘာတွင် မျိုးသုဉ်းရန် အန္တရာယ်ရှိနေသော ငှက်မျိုးစိတ်များ ဝင်ရောက်ကျက်စားလျက်ရှိရာ မိုးယွန်းကြီးအင်း ဘေးမဲ့တော ရေရှည်တည်တံ့နိုင်ရန်နှင့် ဒေသခံတို့၏ အသက်မွေးမှုကို စဉ်ဆက်မပြတ်စေရန် သစ်တောဦးစီးဌာနအနေဖြင့် ဆောင်ရွက်လျက်ရှိသည်။ ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ် ရန်ကုန်-မန္တလေးကားလမ်း ၆၉ မိုင်ခန့်အကွာ ပျဉ်ပုံကြီးရွာအလွန်တွင် ၆ ဖာလုံခန့်ဝင်ရောက်၍ ရန်ကုန်မြို့မှ ခရီးသွားများလည်း လာရောက်အပန်းဖြေလျက်ရှိရာ ဆောင်းရာသီတွင် သဘာဝအလှတို့နှင့်အတူ ဆောင်းခိုငှက်များဖြင့် အလှချင်းပြိုင်လျက်ရှိသည့် မိုးယွန်းကြီးအင်း ဘေးမဲ့တောသို့ နှစ်သစ်ကူးကာလ နောက်ဆုံးပတ်၌ ခရီးသွားများနှင့် အပန်းဖြေသူများ၊ ငှက်ကြည့်လေ့ လာသူများဖြင့် စည်ကားလျက်ရှိပြီး နှစ်သစ်ကူးနေ့တွင် ပိုမိုစည်ကားနိုင်ကြောင်း သိရသည်။

ဓာတ်ပုံ - ကနူး

ညိမ်းသူ

(သတင်းစဉ် )