မြန်မာထွက်ကုန် Hass ထောပတ်သီးကို ပြည်ပနိုင်ငံများသို့ တင်ပို့သွားနိုင်ရေး စီစဉ်ဆောင်ရွက်နေ

ပြင်ဦးလွင် ဒီဇင်ဘာ  ၃၀

 

မြန်မာ့ထွက်ကုန်ဖြစ်သော Hass အမျိုးအစား ထောပတ်သီးများကို ယခုနှစ်ရာသီတွင် ကမ်းလှမ်းထားသည့် ပြည်ပနိုင်ငံများသို့ တင်ပို့သွားနိုင်ရေး စီစဉ်ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံ ထောပတ်သီး စိုက်ပျိုးထုတ် လုပ်တင်ပို့ရောင်းချသူများအသင်းမှ ဒုဥက္ကဋ္ဌ ဦးမျိုးညွန့်က ပြောသည်။ 

 

အဆိုပါ ပြည်ပနိုင်ငံများမှ မြန်မာ Hass ထောပတ်မျိုးများကို ကြိုက်နှစ်သက်ပြီး ဝယ်ယူရန်အတွက် ကမ်းလှမ်းမှုများရှိကြောင်း၊ လက်ရှိအချိန်တွင် ထောပတ်သီးများကို ခူးဆွတ်နေပြီဖြစ်၍ ယင်းနိုင်ငံများသို့ လာမည့်ဇန်နဝါရီလဆန်းမှစ၍ တင်ပို့သွားမည်ဖြစ်ကြောင်း၊ လက်ရှိတွင် Hass ထောပတ်သီးကို ဟောင်ကောင်သို့ ၂ တန်မှ ၃ တန်အထိ စမ်းသပ်တင်ပို့နေကြောင်း သိရသည်။

 
 
" ပြည်ပနိုင်ငံတွေက ပြပွဲတွေမှာ မြန်မာ Hass ထောပတ်သီးကို သွားရောက်ပြသခဲ့ပါတယ်။ ဒီလိုမျိုးသွားရောက်ပြသနိုင်တာကြောင့် ပြည်ပနိုင်ငံတော်တော်များများက မြန်မာ Hass ထောပတ်သီးကို ကြိုက်နှစ်သက်ပြီး ကမ်းလှမ်းမှုတွေရှိနေပါတယ်။ ဒါကြောင့် ကမ်း လှမ်းတဲ့နိုင်ငံတွေကို ၂ တန်၊ ၃ တန်သော်လည်းကောင်း စမ်းသပ်တင်ပို့ သွားမှာပါ။ ပို့ဆောင်ရေးလမ်းကြောင်းနဲ့ ဈေးနှုန်းတွေ အဆင်ပြေရင် တော့ မှာယူသလောက်တန်ကို တင်ပို့ပေးသွားမှာပါ။ လက်ရှိမှာ ဈေး ကောင်းရရှိဖို့ အတွက် ဈေးနှုန်းတွေ ညှိနှိုင်းနေပါတယ်။ Hass မျိုး ကိုပဲ အဓိကပို့ဆောင်သွားမှာပါ။ ပြည်ပဝယ်လိုအားကောင်းတာက Hass အမျိုးအစားထောပတ်သီးဖြစ်ပါတယ်။ တောင်သူတွေဆီက လည်း ထောပတ်သီးတွေ တစ်နှစ်ပြီးတစ်နှစ် လှိုင်လှိုင်ထွက်ရှိလာ တော့မှာဖြစ်တာကြောင့် ဈေးကွက်ရရှိရေးအတွက် ချိတ်ဆက်ဆောင်ရွက်နေပါတယ်။ နိုင်ငံခြားမျိုးတွေ စတင်စိုက်ပျိုးကတည်းက ပြည်ပ ပို့ကုန်အတွက်ရည်ရွယ်တာပါ။ ဒါကြောင့် ပြည်ပဈေးကွက်ရရှိရေးကို လည်း ကြိုးစားဆောင်ရွက်နေပါတယ်" ဟု ၎င်းက‌ပြောသည်။

 

မြန်မာနိုင်ငံအတွင်း ရှမ်းပြည်(တောင်ပိုင်း)၊ ချင်းပြည်နယ်၊ မန္တလေး တိုင်းဒေသကြီး၊ ရှမ်းပြည်(မြောက်ပိုင်း)၊ စစ်ကိုင်းတိုင်းဒေသကြီးအ ထက်ပိုင်းတို့တွင် ထောပတ်သီးကို စိုက်ပျိုးကြပြီး၊ ထောပတ်သီးအမျိုးအစားအနေဖြင့် မြန်မာနိုင်ငံတွင် (၆)မျိုးရှိကာ လက်ရှိထောပတ်သီးစိုက်ဧကများအနေဖြင့် ၂၀၀၀၀ ဝန်းကျင်ရှိကြောင်း၊ ထောပတ်စိုက်ပျိုးသည့် တောင်သူဦးရေအနေဖြင့် ၆၀၀၀ ကျော်ရှိကြောင်း သိရသည်။

 

မောင်အေးချမ်း